MT News
Written by Pan Ei
တရုတ်နိုင်ငံမြို့တော် ပေကျင်းမှာ အာဂျင်တီးနားအသင်းနဲ့ ဩစတြေးလျအသင်းတို့ ခြေစမ်းပွဲမှာ တရုတ်ပရိသတ်ကောင်လေးတစ်ဦးက ပွဲကြည့်စင်ကနေ ခုန်ဆင်းကာ မက်ဆီကို ပြေးဖက်ခဲ့တဲ့ ဖြစ်စဉ်ဟာ အင်တာနက်ပေါ်မှာ ဟိုးတလေးကျော်ကျော် ဖြစ်ခဲ့ပြီး ပြေးဖက်ခဲ့တဲ့ ကောင်လေးဟာ လုံခြုံရေးအားနည်းလို့ သူကွင်းထဲဝင်လို့ရခဲ့တာဖြစ်ပြီး နောက်ပွဲတွေမှာ လုံခြုံရေးအားမနည်းဖို့ သတိပေးခဲ့ပါတယ်။
အာဂျင်တီးနားအသင်း နံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်ထားခဲ့တဲ့ အဆိုပါ ကောင်လေးဟာ မက်ဆီကို ပြေးဖက်ခဲ့သလို လုံခြုံရေးတွေ သူ့နောက်ပြေးလိုက်ချိန်မှာတော့ ကွင်းအတွင်းပတ်ပြေးနေခဲ့ကာ အာဂျင်တီးနား ဂိုးသမား အီမီလီယာနို မာတီနက်နဲ့ လက်ဝါးချင်းရိုက်ခဲ့ပါသေးတယ်။
အဲ့ဒီနောက်မှာတော့ လုံခြုံရေးတွေက သူ့ကို ခြေတစ်ဖက် လက်တစ်ဖက်ကိုင်ကာ ကွင်းအတွင်းကနေ ဆွဲထုတ်ခဲ့ကြပါတယ်။ သူ့အတွက် မက်ဆီကို ဖက်ခဲ့ရတဲ့ အချိန်ကစက္ကန့်ပိုင်းမျှသာ ကြာမြင့်တဲ့ အခိုက်အတန့်ဆိုပေမဲ့ သူ့ဘဝအတွက်တော့ မမေ့နိုင်စရာ ဖြစ်စေခဲ့မှာပါ။
မက်ဆီရဲ့လက်မှတ်ကို ရယူဖို့ပါ ရည်ရွယ်ခဲ့တဲ့ အဆိုပါ ကောင်လေးကို ပွဲအပြီးမှာတော့ လုံခြုံရေးတွေက ပြန်လွှတ်ပေးခဲ့ပြီး သူ့ရဲ့ လုပ်ရပ်ကြောင့် အနှောက်အယှက်ဖြစ်စေခဲ့ရင်လည်း တောင်းပန်ပါတယ်လို့ သူကဆိုကာ လုံခြုံရေး ဆောင်ရွက်မှုတွေကိုတော့ ဝေဖန်ခဲ့ပါတယ်။
“ငါ့ရဲ့ကိစ္စတွေကို ကြည့်ပြီး မင်းတို့ လုံခြုံရေးအလုပ်က အရည်အချင်းမရှိဘူးလို့မြင်နိုင်ဖို့ ငါမျှော်လင့်ပါတယ်။ အနာဂတ် ပေကျင်းမှာ နိုင်ငံတကာပြိုင်ပွဲတွေ အများကြီးရှိမှာမို့ လုံခြုံရေးစွမ်းရည်ကို မြှင့်တင်ပေးထားနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ သူက သတိပေးပြောဆိုခဲ့ပါတယ်။
မက်ဆီအနေနဲ့လည်း အဆိုပါပွဲမှာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အမြန်ဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပြီး သြစတြေးလျအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
Ref; Daily Mail