၂၃. ၁၀. ၂၀၂၂
Written by Nay Moe
မတူပီမြို့နယ် ပညာရေးမှူးဦးတင်လွေးကို အောက်တိုဘာ ၁၆ ရက်က လုပ်ကြံသတ်ဖြတ်ထားသည့် မတူပီ CDF က အောက်တိုဘာ ၂၂ ရက်တွင်လည်း Non CDM ဝန်ထမ်းများကို စစ်စည်းမျဥ်းနှင့် အရေးယူမည်ဟု ခြိမ်းခြောက်စာ ထုတ်ပြန်ထားသည်။
အချက် သုံးချက်ပါဝင်သော မတူပီ CDF ၏ ခြိမ်းခြောက်စာတွင် SAC ၏အုပ်ချုပ်ရေး ယန္တာရားကို အသက်သွင်းရန် ကြိုးပမ်းမှုတွင် ပါဝင် ပတ်သက်ဆောင်ရွက်နေသော ဌာနဆိုင်ရာ Non – CDMများသည် ကိုယ်ကျိုးတစ်ခုကိုသာကြည့်ပြီး SAC နှင့် လက်တွဲအလုပ်လုပ်ကိုင်နေကြောင်း၊ Non – CDM များသည် CDF – Matupi မှ အသိပေးထုတ်ပြန်ချက်များ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း CDMတွင် ပူးပေါင်းပါဝင်မှုမရှိဘဲ SAC ယန္တရားများ လည်ပတ်စေခဲ့ကြောင်း ဤသို့ SAC နှင့်ပူးပေါင်းသော Non – CDMများ၌ မိမိ၏ ဆွေမျိုး၊ မိဘညီအစ်ကိုမောင်နှမများပါဝင်နေပါက အမြန်ဆုံး CDM ပြုလုပ်ကြရန် အသိပေးစေလိုကြောင်း၊ Chinland Defense Force – Matupi အနေဖြင့် SAC ၏ ကြိုးကိုင်ကြောထောက် လုပ်နေသည့် ရာထူးခံပုဂ္ဂိုလ်များနှင့် Non CDM များကို စစ်ဖက်ဆိုင်ရာ စည်းမျဉ်းဥပဒေနှင့်အညီ လက်တွေ့ကျကျ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်သည်ဟု ဖော်ပြထားသည်။
မတူပီ CDF က လုပ်ကြံသတ်ဖြတ်ခဲ့သော မြို့နယ်ပညာရေးမှူး ဦးတင်လွေးသည် ချင်းလူမျိုးများထဲမှ ရှားပါးပညာတတ်တစ်ဦးဖြစ်ပြီး ရိုးသားအေးဆေးစွာ နေထိုင်တတ်သူဖြစ်ကာ မတူပီဒေသဖွံ့ဖြိုးရေးနှင့် ပညာရေးတိုးတက်အောင် လုပ်ဆောင်နေသဖြင့် လူချစ်လူခင်ပေါများသူဖြစ်ပြီး ထိုသို့သော လူတော်လူကောင်းတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်မှုမှာ ချင်းလူမျိုးများအတွက် နစ်နာမှုဖြစ်ကြောင်း မတူပီမြို့နယ်ဒေသခံများက ဝေဖန်ခဲ့ကြသည်။