၂၀. ၆. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံကြားဖြတ်အစိုးရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမူဒွီနိုင်က အရှေ့တောင် အာရှနိုင်ငံများအသင်း(အာဆီယံ) ၏ အဖွဲ့ဝင်နိုင်ငံအချို့နှင့် အဖွဲ့၏ဆွေးနွေးဖက်နိုင်ငံများ နောက်ဆုံးပူးပေါင်း ကျင်းပခဲ့ကြသော အလွတ်သဘောအစည်းအဝေးက တိုးတက်မှုများဖြစ်ထွန်းစေခဲ့ကြောင်း ဇွန်လ ၁၉ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။ သို့ရာတွင် ၎င်းကအစည်းအဝေးတွင် မည်သည့် အဆင့်များကို ဆွေးနွေးခဲ့ကြသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
အဆိုပါ အစည်းအဝေးကို ပတ္တရားမြို့တွင် ထိုင်းကြားဖြတ်အစိုးရက ဦးစီးလျက် ဇွန်လ ၁၉ ရက်တွင် ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းဖြစ်သော ထိုင်းနိုင်ငံက မြန်မာနိုင်ငံအတွင်း အကျပ်အတည်းအခြေအနေကို ပြေလည်စေရန် အာဆီယံအဖွဲ့၏ဦးဆောင်မှုဖြင့် ဖြေရှင်းမှုပြုနိုင်ရန်ကြိုးစားသည့်အနေဖြင့်လည်း အစည်းအဝေးကို ဦးဆောင်ကျင်းပခြင်းဖြစ်သည်။
ယခုအစည်းအဝေးက ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းသောဖြေရှင်းမှုရရှိစေရန် သန္နိဌာန်ချ၍ စတင်ကျင်းပခဲ့သော ၂၀၂၂ ခုနှစ်အတွင်းက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး၏ နောက်ဆက်တွဲဟုလည်း ဆိုရမည်ဖြစ်သည်။
ကျိုဒိုသတင်းဌာနက ဖော်ပြချက်တစ်ခုအရမူ ပတ္တရားမြို့တွင် ပြုလုပ်ခဲ့သော အစည်းအဝေး၌ နိုင်ငံကိုးနိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး ၎င်းတို့အနက် ခုနှစ်နိုင်ငံမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများဟု သိရသည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူတို့က မတက်ခဲ့ကြဘဲ အာဆီယံဆွေးနွေးဖက်နိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့က တက်ရောက်ခဲ့ကြကြောင်းလည်းသတင်းများကဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမူဒွီနိုင်က “ဒီနေ့က အစည်းအဝေးကို တက်လာတဲ့သူတိုင်း ဝမ်းသာအားရဖြစ်ရတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံနယ်စပ်တစ်လျှောက်အခြေအနေ၊ နယ်စပ်မှာ လိမ်လည်လှည့်ဖြားလုပ်ကိုင်နေမှုတွေ၊ တခြားနယ်စပ်ဖြတ်ကျော်မှုခင်းတွေနဲ့ ပတ်သက်လို့လည်းဆွေးနွေးခဲ့ကြတယ်။ ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာကိစ္စတွေက ပြဿနာမှာပါဝင်သူတိုင်းအတွက် အကျိုးရှိစေမှာပါ” ဟု ပြောကြားသွားခဲ့သည်။
သို့သော် အစည်းအဝေးတွင် သဘောတူညီခဲ့ကြသည့် ခိုင်မာသောအဆင့်များကို ၎င်းက ထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ပေ။ ယခုအစည်းအဝေး၏ရလဒ်များကို လာမည့် အာဆီယံဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဇူလိုင်လအတွင်းကျင်းပမည့် အာဆီယံဒေသဖိုရမ်ကဲ့သို့ အခြားဆက်စပ်အစည်းအဝေးများသို့ တင်ပြခြင်းပြုမပြု မေးမြန်းမှုများကိုမူ ၎င်းက ထိုအချက်နှင့်ပတ်သက်၍ ထည့်သွင်းစဉ်းစားထားခြင်းမရှိသေးကြောင်း ပြောခဲ့သည်။
ဘန်ကောက်မြို့တွင်လည်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ထိုအစည်းအဝေးနှင့်ပတ်သက်၍ ဝေဖန်ပြောကြားမှုများကို တုံ့ပြန်ခဲ့ကြောင်းသိရသည်။ ဖနွမ်းပင်မြို့တွင် ၂၀၂၂ ခုနှစ်က ကျင်းပခဲ့သော အစည်းအဝေးကိုရည်ညွှန်း၍ ၎င်းကပြောခဲ့ရာ၌ “အရင်ကဆို ကျွန်တော်တို့ တစ်ဖက်ထဲကိုပဲ ကြည့်ခဲ့ကြတယ်။ ကျွန်တော်တို့အနေနဲ့ မှန်ကန်တဲ့လမ်းကြောင်းပေါ်ရှိဖို့လိုမယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် အာဆီယံအဖွဲ့ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်နဲ့အညီ ကျွန်တော်တို့မူဝါဒကို ချမှတ်ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ပြောခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် သဘာဝဓာတ်ငွေ့လိုအပ်မှုအတွက် မြန်မာနိုင်ငံမှ တင်ပို့မှုအပေါ် အတန်အသင့်မှီခိုနေရမှုနှင့် ထိုင်းနိုင်ငံနှင့် ပြည်သူတို့အတွက်ပါ ထည့်သွင်းစဉ်းစားခြင်းဖြင့် မြန်မာနိုင်ငံကိစ္စဆွေးနွေးရာတွင် ဘက်လိုက်ခြင်းပြုမည်မဟုတ်ဟုလည်း ပရာယွတ်ကပြောခဲ့သည်။
အကယ်၍ မြန်မာနိုင်ငံအကျပ်အတည်းအခြေအနေကို ကူညီဖြေရှင်းခြင်းမပြုပါက ထိုင်းနိုင်ငံ၏ အလုပ်သမားကဏ္ဍကိုသက်ရောက်မှုများ ရှိလာနိုင်ကြောင်းလည်း ၎င်းကပြောကြားသွားခဲ့သည်။
Ref—-Bangkok Post