MT News
Written by Ye Kyaw
ရွှေဆိုင်များကို ဖမ်းဆီးစစ်ဆေးခြင်းနှင့် မန္တလေးရွှေအသင်းက ရွှေထုတ်ရောင်းချပေးခဲ့သော်လည်း ပြည်တွင်းရွှေဈေး အနည်းငယ်သာကျဆင်းခဲ့ပြီး ဇွန်လ ၁၉ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၁၁၅,၀၀၀ အထိရှိကာ ထုတ်ရောင်းပေးသည့် သတ်မှတ်ဈေးနှုန်းအောက် ကျဆင်းလာခြင်းမရှိသေးကြောင်း သိရသည်။
ပြည်တွင်းရွှေဈေးသည် ဇွန်လဆန်းပိုင်းက စတင်မြင့်တက်ခဲ့ပြီး ကျပ် ၃၁ သိန်းကျော်အထိ မြင့်တက်ခဲ့မှုကြောင့် ရွှေဆိုင်များကို ဝင်ရောက်စစ်ဆေးမှုများရှိခဲ့သလို ဇွန် ၁၆ ရက်တွင် ပြည်တွင်းရွှေဈေး ကျပ် ၃,၁၃၂,၀၀၀ အထိမြင့်တက်လာ၍ မန္တလေးရွှေအသင်းမှ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃,၀၅၀,၀၀၀ ဖြင့် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ရွှေစတင်ထုတ်ပေးခဲ့သော ဇွန်လ ၁၆ ရက်နှင့် နှိုင်းယှဉ်ပါက ဇွန်လ ၁၉ ရက်တွင် ပြည်တွင်းရွှေဈေးသည် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၇,၀၀၀ ဝန်းကျင်သာ ကျဆင်းမှုရှိပြီး မန္တလေးရွှေအသင်းမှ ထုတ်ပေးခဲ့သည့် ကျပ် ၃,၀၅၀,၀၀၀ အထိ ပြန်လည်ကျဆင်းလာခြင်းမရှိကြောင်း သိရသည်။
ဇွန်လ ၁၉ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စကို ၁,၉၅၆ ဒေါ်လာသာရှိပြီး ရန်ကုန်တိုင်းရွှေအသင်း (YGEA) သတ်မှတ်ရည်ညွှန်းရွှေဈေး အခေါက်ရွှေတစ်ကျပ်သားကို ကျပ်၂,၃၀၃,၂၀၀ ဖြစ်ကာငွေလဲလှယ်နှုန်း တစ်ဒေါ်လာကို ကျပ် ၂၉၇၀ ရှိကြောင်း သိရသည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဇွန်လ ၁၅ ရက်တွင် ရွှေဈေးနှုန်း ၃,၁၃၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၈၀ ကျပ်၊ ဇွန်လ ၁၆ ရက်တွင် ရွှေဈေးနှုန်း ၃,၁၃၂,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၇၀ ကျပ်၊ ဇွန်လ ၁၇ ရက်တွင် ရွှေဈေးနှုန်း ၃,၁၃၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၇၀ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။