MT News
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ အလည်ခရီးရောက်ရှိနေသော အမေရိကန်ပြည် ထောင်စု၏ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် အား ဇွန်လ ၁၉ ရက်တွင် ပေကျင်းမြို့၌ လက်ခံတွေ့ဆုံခဲ့ရာ တင်းမာမှုများမြင့်တက်နေသော ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံအကြား ပြန်လည်ဖြေလျှော့မှုများရှိလာနိုင်မည်လောဟု သုံးသပ်လျက်ရှိကြသည်။
မိနစ် ၃၀ ကြာ တွေ့ဆုံဆွေးနွေးမှုအတွင်း သမ္မတရှီက နှစ်နိုင်ငံအစိုးရအကြား ပြန်လည်တည်ငြိမ်သော အခြေအနေဖြစ်စေရန် ဘလင်ကန်က အကောင်းဘက်မှရှုမြင်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောခဲ့သည်။ ထို့ပြင် ရှီ က နှစ်နိုင်ငံအကြား အချို့သောကိစ္စများတွင် တိုးတက်မှုများနှင့် သဘောတူညီမှုများရရှိခဲ့ကြောင်းလည်း ပြောခဲ့သည်။
ဘလင်ကန်က တရုတ်နိုင်ငံသို့ ခရီးစဉ်၏ဒုတိယမြောက်နေ့တွင် ရှီနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၈ ရက်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ၎င်းက ငါးနှစ်တာကာလအတွင်းတရုတ်နိုင်ငံသို့ ပထမဆုံးလာရောက်သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ဂျိုးဘိုင်ဒန်အစိုးရ တက်လာပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံးလာရောက်သော အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးလည်းဖြစ်သည်။
၎င်း၏ခရီးစဉ်ကို ၂၀၂၃ ခုနှစ် အစပိုင်းကပင် စီစဉ်ခဲ့သော်လည်း အမေရိကန်လေပိုင်နက်အတွင်း တွေ့ရှိသော တရုတ်မိုးပျံပူဖောင်းများပြဿနာကြောင့် ရွှေ့ဆိုင်းလာခဲ့ခြင်းဖြစ်သည်။
ဘလင်ကန် ၏ခရီးစဉ်က လာမည့်လများအတွင်း နှစ်နိုင်ငံသမ္မတနှစ်ဦးတွေ့ဆုံဆွေးနွေးပွဲအပါအဝင် နှစ်ဖက်အစိုးရ၏ အဆင့်မြင့်အရာရှိကြီးများ အပြန်အလှန် ချစ်ကြည်ရေးခရီးများသွားရောက်ကြရန် တစ်ကျော့စလာခြင်းဟုလည်း သုံးသပ်ကြသည်။
ယခုမတိုင်မီ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်အဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံမှုများ၌လည်း နှစ်ဖက်စလုံးက ညှိနှိုင်းဆွေးနွေးမှုပြုရန်လိုလားခဲ့ကြသည် ဟုသိရသည်။ သို့သော် နှစ်နိုင်ငံအကြား တရုတ်တိုင်ပေအရေးကဲ့သို့ တင်းမာသောကိစ္စရပ်များတွင် သဘော ထားမတိုက်ဆိုင်မှုများ ရှိနေသေးကြောင်း သိရသည်။
မည်သို့ဖြစ်စေ သမ္မတရှီက ဘလင်ကန်အား ယခုနှစ်များအတွင်း ဆိုးရွားစွာပျက်ပြားနေသည့် တရုတ်- အမေရိကန်ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်းပြောခဲ့သည်ဟုလည်း သိရသည်။
Ref–Sky News