၂၀. ၆. ၂၀၂၃
Written by Pan Ei
အမေရိကန်အဆိုတော်နဲ့ သီချင်းရေးဆရာတစ်ဦးဖြစ်တဲ့ Bebe Rexha ဟာ တနင်္ဂနွေနေ့က မန်ဟက်တန်မှာ ဖျော်ဖြေနေချိန် ဖုန်းနဲ့ ပစ်ပေါက်ခံရလို့ မျက်လုံးနားမှာ သုံးချက်ချုပ်လိုက်ရတယ်လို့ သိရပါတယ်။
ပေါ့ပ်စတား Bebe Rexha ဟာ တနင်္ဂနွေနေ့ညက နယူးယောက်မှာ ကျင်းပခဲ့တဲ့ ရှိုးတစ်ခုမှာ ပွဲထဲကပရိသတ်တစ်ဦးက လက်ကိုင်ဖုန်းနဲ့ ပစ်ပေါက်လိုက်တာကြောင့် မျက်နှာကို ထိမှန်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာ သူမကို ဆေးရုံဆီ ခေါ်ဆောင်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဂရမ်မီဆန်ခါတင်စာရင်းဝင် Bebe Rexha ဟာ မျက်လုံးနားမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် စင်ပေါ်မှာ ပြင်းပြင်းထန်ထန်နာကျင်ခဲ့ရပုံရပြီး မျက်နှာကို ဆုပ်ကိုင်လိုက်ကာ ဒူးထောက်ထိုင်ချသွားခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် ဆေးကုသပြီးတဲ့နောက်မှာ “နေကောင်းပါတယ်၊ ဟုတ်တယ်၊ ငါအဆင်ပြေနေတယ်” ဆိုပြီး TikTok မှာ သူမရဲ့ ဘယ်ဘက်မျက်လုံးမှာ ပွန်းပဲ့ဒဏ်ရာမှာ ပတ်တီးနဲ့အတူ အဆင်ပြေနေပြီဆိုတဲ့အကြောင်းပြောထားတဲ့ ဗီဒီယိုကို တင်ခဲ့တာပါ။
ရည်ရွယ်ချက်ရှိရှိ လက်ကိုင်ဖုန်းနဲ့ပစ်ပေါက်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် နယူးဂျာစီပြည်နယ်က Nicolas Malvagna လို့အမည်ရတဲ့ အမျိုးသားကိုတော့ အခင်းဖြစ်ပွားရာနေရာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သူဟာ ကိုယ်ထိလက်ရောက်ကျူးလွန်မှု စွပ်စွဲချက်နဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။
Ref; CNA