MT News
Written by Nay Aung
မြန်မာနိုင်ငံ၏ ပြည်တွင်းဆန်ဈေးကွက်တွင် ဈေးနှုန်းများမြင့်တက်လျက်ရှိနေပြီး ဧည့်မထဆန်၏ ပြည်တွင်းဈေးနှုန်းသည် မေလအတွင်း ၁၆ လဆက်တိုက် စံချိန်တင်မြင့်တက်လျက်ရှိနေကြောင်း ကုလသမဂ္ဂလက်အောက်ခံအဖွဲ့စည်းဖြစ်သော စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံ၏ ဆန်စပါး ထုတ်လုပ်မှုသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း ကျဆင်းခဲ့မှုများကြောင့် ပြည်တွင်းဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်းများအပေါ် သက်ရောက်မှုများစွာဖြစ်လာခဲ့ပြီး ဈေးနှုန်းများ မြင့်တက်လျက်ရှိနေသည်။၂၀၂၃ ခုနှစ် မေလ ဆန်ဈေးနှုန်းသည် ၂၀၂၂ ခုနှစ် မေလဆန်ဈေးနှုန်းနှင့်နှိုင်းယှဉ်မည်ဆိုလျှင် ၁၂၀ ရာခိုင်နှုန်းမြင့်လာခဲ့ကြောင်း စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) က ဖော်ပြထားသည်။ ထို့အပြင် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် မိုခါမုန်တိုင်း၏ သက်ရောက်မှုများကြောင့် ဆန်စပါး စိုက်ပျိုးရေးကွင်းများအပေါ် သက်ရောက်မှုများဖြစ်လာခဲ့ကာ မေလအတွင်း ဆန်ဈေးနှုန်းများမြင့်တက်လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေးအခက်အခဲများကြောင့် စားနပ်ရိက္ခာမလုံလောက်မှုမှာ နိုင်ငံအနှံ့အပြားတွင် စိုးရိမ်ရသည့်အဆင့်တွင်ရှိနေကြောင်း FAO က ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံလူဦးရေ၏ ၂၈ ရာခိုင်နှုန်းဖြစ်သော လူပေါင်း ၁၅ ဒသမ ၂ သန်းသည် ၂၀၂၃ ခုနှစ်တွင် စားနပ်ရိက္ခာ မလုံခြုံမှုများနှင့်ရင်ဆိုင်ရဖွယ်ရှိနေကြောင်း Humanitarian Needs Overviewအမည်ရှိ အစီရင်ခံစာတွင်ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာမလုံခြုံသူအရေအတွက်သည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်မည်ဆိုပါက ၁၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အာဏာပဋိပက္ခမဖြစ်ပွားခင်အချိန်ကာလနှင့် နှိုင်းယှဉ်မည်ဆိုပါက ငါးဆနီးပါးမြင့်တက်လာခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် မေလနောက်ပိုင်းကတည်းက နိုင်ငံတဝှမ်းတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားမှုအရေအတွက် မြင့်တက်လာခဲ့ခြင်းမှာ မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာမလုံလောက်ရသော အဓိကအကြောင်းအရင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် သွားလာလှုပ်ရှားများကန့်သတ်ခြင်း၊ အရပ်သားများ ထိခိုက်သေဆုံးမှုများလာခြင်းနှင့်နေရပ်စွန့်ခွာသူဦးရေ မြင့်တက်လာခဲ့ကြောင်း သိရသည်။
Ref——-FAO