၂၀. ၆. ၂၀၂၃
Written by Nay Aung
COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ဖြစ်ပွားခဲ့သောအာဏာအငြင်းပွားမှုများကြောင့် စီးပွားရေးနှင့် နိုင်ငံရေးအခက်အခဲ ဖြစ်မှုများသည် ရန်ကုန်မြို့၏ မြို့ပြဆင်းရဲနွမ်းပါးမှုအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့စည်းတစ်ခုဖြစ်သော UNDP ဌာနေကိုယ်စားလှယ်တီတွန် မစ်ထရာက “နိုင်ငံအနှံ့ မငြိမ်သက်မှုတွေ၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးမှုတွေ များပြားလာတဲ့အခါ ရန်ကုန်မြို့မှာ ဖြစ်ပေါ်နေတဲ့ကိစ္စရပ်တွေကို
သတိမထားမိ၊ ဂရုမပြုမိကြတာတွေ ဖြစ်နိုင်ပါတယ်။မြို့ပြနေဆင်းရဲနွမ်းပါးသူများရဲ့ဘဝဟာ အရင်ကတည်းက ခက်ခဲရုန်းကန်နေရပေမယ့် အခုဆိုရင် ပိုပြီးခက်ခဲလာကြပါတယ်။ ဆင်းရဲတဲ့သူတွေက ပိုဆင်းရဲလာကြပြီး အရေအတွက်ကလည်း သိသိသာသာ တိုးလာလို့နေပါတယ်။ကျွန်တော်တို့ဟာ မြို့ပြဆင်းရဲနွမ်းပါးမှုနဲ့ ထိခိုက်လွယ်တဲ့ မြို့ပြနေထိုင်သူတွေကို အာရုံစိုက်ကူညီခြင်း မပြုဘူးဆိုရင် နောက်လာမယ့်မျိုးဆက်အလိုက် ဆင်းရဲမွဲတေမှုတွေဟာ အလျင်အမြန်နဲ့ နက်ရှိုင်းစွာ ဖြစ်ပေါ်လာဖို့ တွန်းပို့ပေးသလိုဖြစ်နေပါတယ်”ဟု ပြောသည်။
UNDP ဌာနေကိုယ်စားလှယ်သည်လက်ရှိအချိန်တွင် ကုလသမဂ္ဂအဖွဲ့စည်းများဖြစ်သော UNDP၊ UN Women နှင့် UN-Habitat အဖွဲ့တို့ ပူးပေါင်းပြီး ရန်ကုန်မြို့တွင် အမျိုးသမီးများနှင့် အလွတ်သဘော အခြေချနေထိုင်မှုများ အပါအဝင် မြို့ပြဆင်းရဲမွဲတေမှုဒဏ် အခံရဆုံးသူများကို ပံ့ပိုးကူညီရန်အတွက် Urban Resilience Project (URP) အမည်ရှိ စီမံကိန်းအသစ်ကို လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
ရန်ကုန်မြို့၏လူဦးရေလေးပုံတစ်ပုံဖြစ်သော အဆင်းရဲဆုံးမြို့နယ်(၈) မြို့နယ်ရှိ မြို့ပြပြည်သူအချို့သည် လွန်ခဲ့သော (၁၂)လအတွင်း ဝင်ငွေမရှိဘဲ ရပ်တည်နေရပြီး၊ အဆင်းရဲဆုံးမြို့နယ် (၈) မြို့နယ်တွင် နေထိုင်သူများသည် ရန်ကုန်မြို့၏ အခြားသော မြို့နယ်များတွင် နေထိုင်သူများထက် ဝင်ငွေ ၃၀ ရာခိုင်နှုန်း လျော့နည်းကြောင်း UN Habitat ၊ UN Women၊ UNDP နှင့် မိတ်ဘက်အဖွဲ့အစည်းများမှ လေ့လာတွေ့ရှိထားသည့် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။
ရန်ကုန်မြို့၏ မြို့ပြဧရိယာနေရာများတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် အထူးသဖြင့် ထိခိုက်လွယ်ပြီးအခြေခံလေ့လာမှုမှ အမျိုးသမီး (၈၀) ရာခိုင်နှုန်းကျော်က အစားအသောက်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် အလုပ်အကိုင် သို့မဟုတ် ဝင်ငွေဆုံးရှုံးခြင်းသည် ၎င်းတို့၏ အဓိကစိန်ခေါ်မှုများဖြစ်နေကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း လေ့လာချက်အရ အမျိုးသမီး (၃) ဦးတွင် (၂) ဦးသည်အကြမ်းဖက်ရာဇဝတ်မှု၏ သားကောင်ဖြစ်လာမည်ကို အလွန်စိုးရိမ်ကြောင်း ရန်ကုန်မြို့ရှိ UN Women အဖွဲ့ကဆိုသည်။
UN Women မှ ဌာနကိုယ်စားလှယ်တစ်ဦးဖြစ်သော Karin Fueg၊ က “ရန်ကုန်မှာ အမျိုးသမီး ၈၀ ရာခိုင်နှုန်းဟာ အလွတ်သဘော အလုပ်အကိုင်တွေ လုပ်ကိုင်နေကြတယ်ဆိုတာ သိရှိပြီး အဲဒါက ထိခိုက်လွယ်သောအုပ်စုအတွက် စီးပွားရေး ကျဆင်းမှုများဖြစ်စေသည့်အပြင် လူမှုရေးအကာအကွယ်ဆိုင်ရာ အထောက်အပံ့ပေးနိုင်ဖို့အခက်အခဲဖြစ်စေပါတယ်။ ဒါ့အပြင် လုံခြုံတဲ့အမိုးအကာနဲ့ အိမ်ရာအခြေအနေများမရှိခြင်းဟာ လိင်နဲ့ကျားမရေးရာ အခြေခံအကြမ်းဖက်မှုအန္တရာယ်ကို တိုးစေပါတယ်” ဟု ပြောသည်။
Ref—unhabitat