October 22, 2024
ပြည်တွင်းကားပြပွဲတစ်ခု မြင်ကွင်းကို တွေ့ရစဥ်(Photo-A Thaung)

၂၃. ၁၀. ၂၀၂၂
Written By A Thaung

ပြည်တွင်းမှာ ဒေါ်လာအကြပ်အတည်းကြုံရနိုင်ဖွယ်ရှိနေတဲ့အတွက် ဇွန်လလယ်ကစပြီး ပြည်ပကနေ မော်တော်ယာဉ်တင်သွင်းခွင့်နဲ့ မော်တော်ယာဉ်အစိတ်အပိုင်း တင်သွင်းတပ်ဆင်ထုတ်လုပ်ရောင်းချခွင့်ကို ပိတ်လိုက်တာကြောင့် ပြည်တွင်းမော်တော်ကားဈေးကွက် တစ်ဆစ်ချိုးပြောင်းလဲခဲ့ပါတယ်။

မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခဲ့ပြီး ငွေဈေးမတည်ငြိမ်မှုတွေကြောင့် ငွေကိုင်ထားသူတွေက အာမခံချက်ကောင်းတဲ့ အိမ်ခြံမြေနှင့် ကားဝယ်ကိုင်တာတွေရှိနေတာကြောင့် ကားဈေးကွက်က အပြောင်းအလဲကြီးတစ်ခုဖြစ်ခဲ့ရပါတယ်။ Brand New ကားစျေးနှုန်းတွေလည်း သိန်းရာနဲ့ချီပြီး ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်သလို SKD ကားတွေရဲ့ဈေးကလည်း နှစ်ဆနီးပါး မြင့်တက်ခဲ့ပါတယ်။

“ဂျက်လေယာဉ်လိုပဲ။ မှန်းမရတဲ့ဈေးတွေအထိတက်ခဲ့တာ။ အရင်က သိန်းသုံးရာလောက်ပဲရှိတဲ့ Suzuki Ertiga Type 3 ဆိုရင် လိုင်းပေါ်မှာ သိန်း ၇၀၀ ကျော်အထိခေါ်နေတော့ တော်တော်ကိုအံံသြနေရတယ်” လို့ လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းက ဝယ်ရောင်းတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်မှာတော့ ဒေါ်လာဈေးပြန်ကျခဲ့သလို ကားစျေးတွေလည်း ပြန်ကျလာခဲ့ပါတယ်။ သုံးလအတွင်း တဟုန်ထိုးတက်သွားပြီး အခုလမှာတော့ တအိအိနဲ့ကျရိပ်ပြန်ပြလာသလို နယ်အရောင်းဈေးကွက်အေးနေပြီး ရန်ကုန်အရောင်းဈေးကွက် ပြန်ကောင်းလာတယ်လို့ မော်တော်ကားရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။

ပြင်ပဒေါ်လာဈေးကွက်မှာ တစ်ဒေါ်လာကို ကျပ် ၄၅၀၀ ဝန်းကျင်အထိမြင့်တက်ခဲ့တဲ့ ဩဂုတ်လကုန် စက်တင်ဘာလဆန်းအတွင်း ကားအရောင်းအဝယ်သွက်ခဲ့ပေမယ့် ရက်ပိုင်းအတွင်း ကားဈေးပြန်ကျလာလို့ ဝယ်ရောင်းတချို့လက်ထဲ အမြင့်ဈေးနဲ့ ဝယ်မိတဲ့ကားတချို့ ပိုက်မိနေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အချိန်ကြာမြင့်စွာ ထုတ်လုပ်ခွင့်ရပ်ဆိုင်းထားတဲ့ Toyota Myanmar ကလည်း Double Cab SKD ကားအမျိုးအစားနှစ်ခုကို ဈေးကွက်ထဲဖြန့်ချိတော့မယ်လို့ ကြေညာလိုက်တဲ့အတွက် သိန်း ၁၀၀၀ အပေါ်ကားဈေး ပြန်ကျလာခဲ့ပါတယ်။

နေပြည်တော်ရဲ့ ကားလောကဓံ

ပြည်တွင်းကို လျှပ်စစ်ကားတင်သွင်းရောင်းချဖို့ ပြင်ဆင်နေတဲ့ဂယက်ကြောင့်လည်း နယ်အရောင်းအဝယ်ဈေးကွက်အေးစက်နေတယ်လို့ နေပြည်တော်အခြေစိုက် BH Auto Car Showroom က မန်နေဂျင်းဒါရိုက်တာ ကိုဗိုဟိန်းက ပြောပါတယ်။

“ပြီးခဲ့တဲ့လနောက်ဆုံးအပတ်ကစပြီးတော့ နေပြည်တော်မှာတော့ အရောင်းအဝယ်အေးနေတယ်။ လျှပ်စစ်ကားကိစ္စကလည်း တော်တော်ကို ဂယက်ရိုက်သွားတာပဲ။ လျှပ်စစ်ကားထွက်လာမယ်ဆိုတဲ့အခြေအနေမှာ အဝယ်ကလည်းတော်တော့်ကို ရပ်သွားတယ်။ အဝယ်မရှိလို့ အရောင်းဘက်ပြန်ကြည့်ရင်လည်း အရောင်းဈေးက လုံးဝကို လျှော့မရောင်းဘူး။ သိန်းငါးရာနဲ့ဝယ်ထားတဲ့ကားကို သိန်းငါးရာ့ငါးဆယ်နဲ့ရောင်းချင်နေကြတာ။ ငါးရာအောက်ပြန်ရောင်းရရင် ရှုံးမှာကြောက်လို့ တော်ရုံတန်ရုံပြန်မရောင်းကြဘဲ ထိန်းထားကြတာပေါ့။ တကယ့်တကယ် အရောင်းအဝယ်ဖြစ်တာတွေကျတော့ ဈေးကကျတယ်။ ပုံမှန် သိန်း ၁၈၀၀ ပေါက်နေတဲ့ကားက အခုဆိုရင် သိန်း ၁၅၀၀ တန်း၊ ၁၄၀၀ တန်းမှာပဲ အရောင်းအဝယ်ဖြစ်နေကြတယ်” လို့ သူကနေပြည်တော်ကားဈေးကွက်အခြေအနေကို ပြောပါတယ်။

နေပြည်တော်ဈေးကွက်မှာတော့ သိန်း ၄၀၀ ဝန်းကျင် ဂျပန်တစ်ပတ်ရစ်ကားတွေ အရောင်းအဝယ်ဖြစ်နေပေမယ့် သိန်း ၄၀၀ အောက်ကားတွေကတော့ အရောင်းအဝယ်အေးနေပါတယ်။ Showroom အရောင်းကားလက်ကျန်မရှိသလောက်ဖြစ်နေတဲ့ Brand New ကားဈေးကွက်ကတော့ အရောင်းအဝယ်မရှိဘူးလို့ ကားရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။

နေပြည်တော်မှာ အရောင်းအဝယ်သွက်နေတာက လုပ်ငန်းသုံးနဲ့ ကုန်တင်ဝန်ပေါ့အမျိုးအစား ကားတွေပါ။ သူတို့ကတော့ ပုံမှန်အတိုင်းအလုပ်ဖြစ်နေပေမယ့် တခြားကားတွေထက် တရုတ်ထုတ် Truck ကားတွေက ပိုပြီးအရောင်းအဝယ်ဖြစ်နေတယ်လို့ လုပ်ငန်းသုံးကားတမျိုးတည်းရောင်းနေတဲ့ ဝယ်ရောင်းတစ်ဦးကပြောပါတယ်။

“လူတွေက Canter တစ်စီးကို သိန်း ၅၀၀ ပတ်လည်နဲ့မဝယ်တော့ဘဲ ဒီလောက်သုံးရင် နှစ်စီးရတဲ့ တရုတ်ကားတွေကိုပဲ ဝယ်ကြတယ်။ တရုတ်ကားကလည်း နှစ်စီးကို ၄၀၀ လောက်နဲ့ရတာဆိုတော့ ပိုပြီးတွက်ချေကိုက်လို့ ဒီဘက်ကို လှည့်ဝယ်နေကြတယ်” လို့ သူကပြောပါတယ်။

မန္တလေးဈေးကွက်ရဲ့ ကားလောကဓံ

ကားသစ်အရောင်းအဝယ်မဖြစ်ဘဲ ကားဟောင်းပြန်ရောင်းဈေးကွက်တစ်ခုတည်း အလုပ်ဖြစ်နေတဲ့ မန္တလေးဈေးကွက်ကတော့ အခုလထဲမှာ အရောင်းရပ်၊ အဝယ်ရပ်ဖြစ်နေတယ်လို့ ဝယ်ရောင်းတစ်ဦးကပြောပါတယ်။ သိန်း ၃၀၀ ဝန်းကျင် အောက်ကားကိုပဲကြိုက်တတ်တဲ့ မန္တလေးဈေးကွက်က လာမယ့်အနာဂတ်အခြေအနေကို ထိုင်စောင့်ကြည့်နေကြ
တယ်လို့လည်း သူကပြောပါတယ်။

“ ဘာဆက်ဖြစ်လာမလဲဆိုတာပဲ ထိုင်စောင့်နေကြတဲ့သဘောရှိတယ်။ အခုလောလောဆယ်တော့ အရောင်းအဝယ်မရှိသလောက်ဘဲ။ လုပ်ငန်းသုံးကားတွေကလည်း အလုပ်တွေရပ်ထားကြလို့ အရောင်းမဝယ်မရှိဘူး။ အမြင့်ကားကျတော့ အရင်ကတည်းက မန္တလေးဈေးကွက်မှာ အလုပ်သိပ်မဖြစ်ခဲ့တော့ မထူးဘူးလို့ ပြောရမှာပဲ” လို့ သူကပြောပါတယ်။

ရွှေလုပ်ကွက်တွေရပ်ဆိုင်းထားတာ၊ လုပ်ငန်းတွေ ပုံမှန်လည်ပတ်မှုမရှိတာကြောင့် လုပ်ငန်းသုံးကားနဲ့ ကုန်တင်ဝန်ပေါ့ကား အရောင်းအဝယ်ဈေးကွက်ပျက်နေတာ အချိန်နှစ်နှစ်နီးပါးရှိနေပြီလို့လည်း ကားဝယ်ရောင်းအသိုင်းအဝိုင်းကပြောပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဘာတွေ ဖြစ်နေလဲ

အခုလ ရန်ကုန်ကားဈေးကွက်ကတော့ နယ်ဈေးကွက်နဲ့မတူဘဲ အရောင်းအဝယ်ပြန်ဖြစ်လာတယ်လို့ ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောပါတယ်။ လျှပ်စစ်ကားတင်သွင်းရောင်းချခွင့်ပြုတော့မယ့်ဂယက်ကြောင့် နေပြည်တော်ဈေးကွက် အရောင်းအဝယ်အေးခဲ့ပေမယ့် ရန်ကုန်ဈေးကွက်ကတော့ ဒီဂယက်ကြောင့် ဈေးကွက်အပေါ် တစုံတရာထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ဒေါ်လာဈေး ပြန်လည်ကျဆင်းတည်ငြိမ်လာတာနဲ့အတူ ကားဈေးနှုန်းလည်းကျလာတဲ့အတွက် အဝယ်လိုက်လာတယ်လို့ MMM Car Showroom မန်နေဂျင်းဒါရိုက်တာ ဦးမင်းမင်းမောင်ကပြောပါတယ်။

“အခုဆင်းသွားတဲ့ဈေးနဲ့တော့ အရောင်းအဝယ်ပြန်ဖြစ်လာတယ်။ SKD ကားတွေ အရောင်းအဝယ်ပြန်ဖြစ်လာတယ်။ သိန်း တစ်ထောင် အထက်ကားတွေကတော့ အဝယ်လိုက်တာအားနည်းနေသေးတယ်။ အရောင်းအဝယ် ပြန်မဖြစ်ကြသေးဘူး။ သွေးတိုးစမ်းတဲ့သဘောပဲရှိသေးတယ်။ ဘယ်ဟာကို ဘယ်လိုရောင်းရမလဲဆိုတာ ဈေးကွက်ရဲ့ဝယ်လိုအားပေါ်မူတည်ပြီး သုံးသပ်ရတာပေါ့” လို့ သူက ရန်ကုန်ကားဈေးကွက်အခြေအနေကို ပြောပါတယ်။

ရန်ကုန်ဈေးကွက်ထဲမှာတော့ သိန်း ၃၀၀ ကနေ ၇၀၀ ဝန်းကျင်အထိ ဈေးတန်းရှိနေတဲ့ SKD ကားတွေ ဈေးပြန်လည်ကျဆင်းလာခဲ့လို့ ပြန်အရောင်းသွက်လာတယ်လို့ ဆိုပါတယ်။ ကားတစ်စီးကို သိန်း ငါးဆယ်ဝန်းကျင်အထိ ဈေးပြန်ကျလာပေမယ့် အခုအချိန်မှာတော့ နောက်ထပ်ဈေးကျလာနိုင်ဖွယ်မရှိသေးဘူးလို့လည်း သုံးသပ်ကြပါတယ်။

လုပ်ငန်းသုံးနဲ့ ကုန်တင်ဝန်ပေါ့ကားတွေကတော့ ပြီးခဲ့တဲ့ နှစ်နှစ်ကထက် ၄၀ ရာခိုင်နှုန်းအထိ အရောင်းကျလာပေမယ့် ဈေးတက်လာပါတယ်။ ကုန်တင်ဝန်ပေါ့အမျိုးအစားဖြစ်တဲ့ Hijet ၊ 2008-09 Model ၊ P/Q အက္ခရာတန်းကားတွေ သိန်း ၂၅၀ ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေပါတယ်။

ဒါပေမဲ့လည်း Brwnd New ကားသစ်တချို့ ဈေးနှုန်းတိုးမြှင့်ပြင်ဆင်သတ်မှတ်ထားတာကြောင့် အရောင်းအဝယ်ရပ်နေပြီး တချို့ Showroom တွေ အရောင်းရပ်ထားကြတယ်လို့ Showroom ပိုင်ရှင်တစ်ဦးကပြောပါတယ်။

“လာမယ့် နှစ်ကုန်မှာတော့ Brand New တွေအကုန်လုံး ဈေးပြန်ပြင်ပေးမယ့်သဘောရှိတယ်။ ဈေးပြန်ချပေးမယ်ပေါ့။ အဲဒီအခါကျရင်တော့ ပြန်အရောင်းဖြစ်မယ့်သဘောရှိတယ်” လို့ သူကပြောပါတယ်။

ကားလောကထဲမှာ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တယ်လို့ အုပ်စုနှစ်စုကွဲနေတဲ့ လျှပ်စစ်ကားတင်သွင်းရောင်းချခွင့်အခြေအနေကတော့ လတ်တလောမှာ ကော်မတီကိုတင်ပြထားဆဲအခြေအနေပဲရှိနေပါတယ်။ တရုတ်နိုင်ငံက လျှပ်စစ်ကားကုမ္ပဏီတွေသဘောကျနေတဲ့ မြန်မာဈေးကွက်မှာ ဘယ်ကုမ္ပဏီတွေ ရောင်းချခွင့်ရမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

ကားစျေးကွက် ဘာဆက်ဖြစ်လာမလဲ

ကားတင်သွင်းရောင်းချခွင့်ပါမစ်တွေ ရပ်ထားတဲ့အတွက် ပြည်တွင်းကို နောက်ထပ်ကားတွေ ထပ်မဝင်နိုင်တာကြောင့် ပြည်တွင်းမှာရှိနေတဲ့ ကားဟောင်းဈေးကွက်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကလိုပဲ ပြန်အားကောင်းခဲ့ပါတယ်။

TOYOTA Myanmar ကရောင်းမယ့် Double Cab ကားနှစ်စီးကြောင့် သိန်းတစ်ထောင်အထက် ကားလောကကို အနည်းငယ်လှုပ်ခတ်ခဲ့ပြန်ပါတယ်။ ဒေါ်လာဈေး ပြန်ကျလာပြီး ကားတင်သွင်းခွင့်ပါမစ်တွေပြန်ရလာရင်တော့ ခေါင်ခိုက်နေတဲ့ ကားဈေးက ပြန်ကျလာမှာဖြစ်သလို SKD ကားတွေ ပြန်ထုတ်လာရင်လည်း ဈေးတန်းတစ်ခုအထိ ပြန်ရောက်လာနိုင်ပါတယ်။

အဓိကကတော့ မဖြစ်သင့်တဲ့ဈေးတန်း၊ လက်ကုန်ဈေးတန်းတစ်ခုကိုရောက်နေတဲ့ ကားဈေးကွက်ထဲမှာ မလိုအပ်ရင်မဝယ်သေးတာ အကောင်းဆုံးပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *