◾️ မြန်မာ့အရေးအတွက် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတက်ရောက်ရန် နစကကို ဖိတ်ကြားခြင်းနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ရှင်းလင်း
၁၉. ၆. ၂၀၂၃
Written by Nay Aung
ထိုင်းအိမ်စောင့်အစိုးရသည် အရှေ့တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်များတက်ရောက်မည့် မြန်မာ့အရေးအတွက် အလွတ်သဘောတွေ့ဆုံဆွေးနွေးမည့်ဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ဆွေးနွေးပွဲ တက်ရောက်ရန် နစက တာဝန်ရှိသူများကို ဖိတ်ကြားခြင်းသည် ဒေသအတွင်း အကျိုးစီးပွားအတွက်ဖြစ်ပြီး နစကတာဝန်ရှိသူများ၏အသံကို အခြားအာဆီယံနိုင်ငံများနှင့်အတူ နားထောင်ရန်ဖြစ်ကြောင်း အာဆီယံအဖွဲ့ကိုယ်စားဆောင်ရွက်ခြင်းမျိုးမဟုတ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းအစိုးရသည် မြန်မာ့အရေးအတွက် အာဆီယံနိုင်ငံနိုင်ငံများ၏ ကိုယ်စားလှယ်များပါဝင်မည့် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ နစကတာဝန်ရှိသူများကို ဖိတ်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုသည် အာဆီယံအဖွဲ့၏ တရားဝင်အစည်းအဝေးမျိုးမဟုတ်ကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို အခြားအာဆီယံနိုင်ငံများနှင့်အတူ နားထောင်လေ့လာရန်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ” မြန်မာ့အရေးအတွက် အလွတ်သဘောဆွေးနွေးပွဲလိုမျိုး ဆွေးနွေးပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတာ ပထမအကြိမ်မဟုတ်ဘူး။ သုံးကြိမ်မြောက်ကျင်းပတာဖြစ်တယ်။ ကျွန်တော်တို့ဟာအိမ်ရှင်အဖြစ် နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် သတင်းထုတ်ပြန်တာမျိုးတွေ မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ လက်ရှိနိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းနိုင်အောင် ဘာတွေလုပ်ဆောင်ခဲ့သလဲဆိုတဲ့အသံကို နားထောင်ဖို့လည်းဖြစ်တယ်”ဟုပြောသည်။
ထိုင်းအစိုးရအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများကို ဖိတ်ကြားခဲ့ကြောင်း၊ အစည်းအဝေးကို မတက်ရောက်လိုသည့်အတွက် ကိုယ်စားလှယ် မလွှတ်သောနိုင်ငံများရှိသလို ကိုယ်စားလှယ်စေလွှတ်သောနိုင်ငံများလည်းရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ” ကျွန်တော်တို့ဟာ ဒီအစည်းအဝေးကို ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်ခဲ့တယ်။ မြန်မာနိုင်ငံဟာ နိုင်ငံခြားရေးဝန်ကြီးကို အစားထိုးလဲလှယ်တာမျိုးရှိခဲ့တယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးအသစ်ထံကနေ အသံတွေကို နားထောင်ရမယ်။ နစကနဲ့ဆွေးနွေးမှုမရှိဘဲ မြန်မာ့နိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်အောင်အဖြေဘယ်လိုရှာမလဲ “ဟု ပြောဆိုခဲ့သည်။
ထိုင်းအစိုးရအနေဖြင့် မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခြင်းကို အာဆီယံအဖွဲ့ သို့မဟုတ် အာဆီယံ ဥက္ကဋ္ဌကိုယ်စား ဆောင်ရွက်ခြင်းမျိုးမဟုတ်ဆိုသောအချက်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအား ရှင်းပြခဲ့ပြီးဖြစ်ကြောင်း၊ အာဆီယံဥက္ကဋ္ဌ၏အလုပ်ကို ကူညီထောက်ပံ့ပေးခြင်းမျိုးသာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ” မြန်မာ့နိုင်ငံရေးအခြေအနေများနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးအဖြေရယူနိုင်ဖို့ ကြိုးပမ်းရာမှာ သံတမန်နည်းလမ်းအရ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ လိုအပ်တယ်။ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုများပြန်ဖြစ်အောင် အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ လိုလားနေပါတယ်။” ဟု ပြောသည်။
ထိုင်းအစိုးရအနေဖြင့် မြန်မာ့အရေးအတွက် အလွတ်သဘာတွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၁၉ ရက်နေ့တွင် ပတ္တယားမြို့၌ ကျင်းပဖွယ်ရှိနေပြီး ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊လာအို၊ ဗီယက်နမ်၊ မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ဖွယ်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောသည်။
Ref——-bangkokpost