၁၉. ၆. ၂၀၂၃
Written By Thandar
ရုပ်ရှင်လောကသားတွေရဲ့ကိုယ်စား သရုပ်ဆောင် ထူးခန့်ကျော်မိသားစုက အသက် ၉၄ နှစ်ရှိ သရုပ်ဆောင် စံမြင့် ( သခင်ကြီး ) ကို Wheelchair တစ်လုံးနဲ့ အလှူငွေ ကျပ် ၁ သိန်းကျပ်ကို လှူဒါန်းခဲ့ပါတယ်။
ဒီလှူဒါန်းမှုကို ဇွန် ၁၈ ရက် မွန်းလွဲပိုင်းက သရုပ်ဆောင် ထူးခန့်ကျော်နဲ့ မိသားစုက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ လှူဒါန်းခဲ့တာဖြစ်ပါတယ်။
“သခင်ကြီးက ရုပ်ရှင်ထဲမှာဆိုရင် မောင်မင်းလူကလေးဆိုပြီး ပြောကြတာ ပရိသတ်တွေလည်း သိကြပါတယ်။ အခုဆိုရင် သခင်ကြီးက အသက်ကလည်း ၉၄ နှစ်ရှိပြီဆိုတော့ သူ့ကိုလည်း အရမ်းလှူချင်တဲ့စိတ်ဖြစ်တာနဲ့ လှူဖြစ်တာပါ။ ဒါက သခင်ကြီးရဲ့ ပရိသတ်တွေအတွက်ရော၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အနုပညာရှင်တွေကိုယ်စားအတွက်ရော ပါရမီဖြည့်ပြီး လှူဒါန်းတာပါ။ အခုလိုမျိုး ပါရမီ ဖြည့်ခွင့်ရတဲ့အတွက်လည်း အတိုင်းမသိဝမ်းသာမိပါတယ်”လို့ သရုပ်ဆောင် ထူးခန့်ကျော်က ပြောပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက သူရဲ့ Facebook မှာ သရုပ်ဆောင် စံမြင့် (သခင်ကြီး)အတွက် ဝှီးချဲ လိုအပ်နေလျှက်ရှိတယ်လို့ ရေးသားဖော်ပြတာကို သရုပ်ဆောင်ထူးခန့်ကျော် တွေ့ရှိခဲ့ပြီး အခုလို သခင်ကြီးအတွက် လှူဒါန်းပေးခဲ့တာပါ။
သရုပ်ဆောင် စံမြင့်(သခင်ကြီး)ဟာ မြန်မာ့တော်လှန်ရေးရုပ်ရှင်ဇာတ်ကားတွေမှာ မောင်မင်းလူကလေးလို့ ပရိသတ်အများပြားသိရှိခဲ့တဲ့ သရုပ်ဆောင်ဖြစ်ပြီး အသက်အရွယ်ကြီးမြင့်လာပြီး အခုလို အကူအညီ လိုအပ်လာချိန်မှာ သူ့ရဲ့ပရိသတ်တွေ အလှူရှင်တွေကလည်း ပါဝင်ကာ ငွေကြေးတွေကို လှူဒါန်းပေးခဲ့ကြပါတယ်။