၁၉. ၆. ၂၀၂၃
Written By Thandar
၁၉၇၀ ပြည့်နှစ်ဝန်းကျင်က ရိုမန့်၊ ဒရာမာဇာတ်လမ်းပုံစံ “မြူနဲ့ရေးတဲ့ တိမ်”ဇာတ်လမ်းတွဲကို ပြည်တွင်းသာမက ပြည်ပနိုင်ငံထိ ပြသဖို့ ရည်ရွယ်ရိုက်ကူးတယ်လို့ ဒါရိုက်တာ EMMA ကပြောပါတယ်။
ဒီဇာတ်လမ်းတွဲ ကန်တော့ပွဲပေးတာနဲ့ စာနယ်ဇင်း မိတ်ဆက်အခမ်းအနားကို ဇွန် ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Chinese 47 Restaurant မှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်လမ်းတွဲလေးက ပုံစံလေးကတစ်မျိုးလေးပေါ့။ ဒီထဲမှာဆိုရင် ပန်းရောင်က မြလဲ့ဆိုတဲ့ ကောင်မလေး ကာရိုက်တာနေရာကနေ ပါဝင်ရမှာပါ။ အရင်ခေတ်ပုံစံလေးတွေ အဝတ်အစားလေးတွေနဲ့ မြင်ရမှာပါ။ သေချာတာတော့ ဇာတ်လမ်းပုံစံက ဒီခေတ်ကာလ ဇာတ်လမ်းပုံစံမျိုးမဟုတ်ပါဘူး။ ဒီမှာပါဝင်တဲ့ သရုပ်ဆောင်တွေကအစ Team တစ်ခုလုံးကလည်း ပြင်ဆင်မှုအပိုင်းမှာလည်း သေချာကြိုးစားပြီး ပြင်ဆင်ထားကြတယ်။ ဒီဇာတ်လမ်းတွဲကလည်း ပြည်ပမှာ ပြသနိုင်ဖို့အတွက် ကြိုးစားကြမယ်လို့လည်း ကြားထားပါတယ်”လို့ သရုပ်ဆောင် ပန်းရောင်ခြယ်က ပြောပါတယ်။
ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ရွှေပြည့်က ရေးသားကာ ဒါရိုက်တာ EMMA နဲ့ တွဲဖက် ဒါရိုက်တာ Zee တို့က သရုပ်ဆောင်တွေဖြစ်တဲ့ ပန်းရောင်ခြယ် ၊ အုပ်စိုးခန့် ၊ Ashley Bay Bay ၊ မင်းခန့်သူရိန်၊ ဂူဂူး၊ အိမ့်ဆု၊ ဂွမ်းပုံကြီး၊ ရဲမွန်၊ ဆုထက်ကုဋေ စတဲ့ အနုပညာများစွာနဲ့ ရိုက်ကူး ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။
“ ဒီဇာတ်လမ်းပုံစံလေးက ၁၉၇၀၊ ၁၉၈၀ ပတ်ဝန်းကျင် ပုံစံကို ရည်ရွယ်ပြီး ရိုက်ကူးထားတာဖြစ်တယ်။ ဇာတ်လမ်းထဲမှာ ထူးခြားတဲ့အရာလေးတွေ ရှိတယ်။ Production Design က ထူးခြားမှုရှိတယ်။ ၁၉၇၀၊ ၁၉၈၀ ပတ်ဝန်းကျင်မှာရှိတဲ့ အဝတ်အစားပိုင်းတွေကိုလည်း သေချာလေး ပြင်ဆင်ပြီး လုပ်ထားတယ်။ ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီး နိုင်ငံခြားကုမ္ပဏီတွေကလည်း ဒီဇာတ်ကားလေးတွေကို ကမ်းလှမ်းထားတာရှိတယ်။ မြန်မာနိုင်ငံမှာ ရိုက်ကူးမယ့် ဒီဇာတ်လမ်းလေးကို တခြားနိုင်ငံတွေမှာ ပြသဖို့အတွက် လာပြီး ကမ်းလှမ်းတာရှိတယ်။ ပြသမယ့် နိုင်ငံတွေကိုတော့ နောက်ပိုင်း အသိပေးသွားမှာပါ ”လို့ ဒါရိုက်တာ EMMA ကပြောပါတယ်။
အပိုင်း ၁၂ ပိုင်းစာပါဝင်မယ့် “ မြူနဲ့ရေးတဲ့ တိမ်” ဇာတ်လမ်းတွဲကို Channel 8 Myanmar Production က ဇွန်လပိုင်းကုန်မှာ ကလော ၊ ပင်းတယ ဒေသဘက်မှာ သွားရောက် ရိုက်ကူးနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။