၁၉. ၆. ၂၀၂၃
Written by Min Mahar
ညောင်ဦးမြို့နယ်တွင် ယမန်နေ့မနက်ပိုင်းက PDF အဖွဲ့ဝင်အမျိုးသားနှစ်ဦး လမ်းဘေး၌ မိုင်းထောင်နေစဉ်အတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဇွန်လ ၁၈ ရက် မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြေနီကျေးရွာအုပ်စု၊ တက်ယာကုန်းကျေးရွာအနီး၊ စဉ့်ကူကျေးရွာနှင့် တက်မကျေးရွာချင်းဆက်လမ်းလယ်တွင် PDF အဖွဲ့ဝင်အမျိုးသား ၂ ဦးသည် လမ်းဘေး၌မိုင်းထောင်စဉ်အတွင်း ပေါက်ကွဲမှုဖြစ်၍ သေဆုံးနေကာ ၎င်းသေဆုံးနေသည့်နှစ်ဦးထဲမှ အသက် ၅၀ နှစ်အရွယ်ရှိသောအမျိုးသားသည် ခန္ဓာကိုယ်အနှံ့တွင် မိုင်းစထိမှန်သည့် ဒဏ်ရာများဖြင့်သေဆုံးနေပြီး အသက် ၄၅ နှစ်အရွယ်ခန့်ရှိသော အမျိုးသားမှာမူ အောက်ပိုင်းပြတ်ထွက်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။
အဆိုပါအခင်းဖြစ်ရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိစစ်ဆေးမှုများပြုလုပ်ခဲ့ကာ မိုင်းပေါက်ကွဲသည့် ခြုံပုတ်အနီးမှ အင်္ဂလိပ်ဂဏန်း ၁ မှ ၁၂ အထိပါသည့် ရီမု ၁ လုံး၊ ၎င်း ရီမုအနီးမှ Panasonic အားသွင်းဓာတ်ခဲအနီရောင် ၁ လုံးတို့ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းသေဆုံးသွားသူနှစ်ဦးသည် ညောင်ဦးမြို့နယ်၊ စဥ့်ကူကျေးရွာအုပ်စု၊ တောင်လက်ရပ်တွင် နေထိုင်ကြသူများဖြစ်ကြောင်းလည်း သိရသည်။