၂၃. ၁၀. ၂၀၂၂
Written by Tha Doe
ပြည်တွင်းရင်းနှီးမြှုပ်နှံမှမှုများကို အားပေးမှုမရှိသောကြောင့် NLD အစိုးရဟောင်းလက်ထက် ၂၀၁၈၊ ၂၀၁၉ ခုနှစ်ကာလကတည်းက မြန်မာ့စီးပွားရေးစတင် ကျဆင်းခဲ့သည်ဟု SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
အဆိုပါ ပြောကြားချက်ကို အောက်တိုဘာ ၂၂ ရက်က နေပြည်တော်ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်ပြီး ယခင်ကလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံချိန်တိုင်း မကြာခဏပြောကြားလေ့ရှိသည်။
SAC ဥက္ကဋ္ဌအနေဖြင့် လက်ရှိတာဝန်ထမ်းဆောင်မှုအပေါ် ပြောကြားရာတွင် နိုင်ငံ၏လိုအပ်ချက်အရ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ရပြီး ထိုသို့တာဝန်များကို ထမ်းဆောင်ခဲ့ရချိန်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှင့် ကြုံတွေ့ခဲ့ရသကဲ့သို့ နိုင်ငံရေးသဘောထား မတိုက်ဆိုင်မှုများကြောင့် နိုင်ငံရေးဆူပူမှုများ ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် ကိုဗစ် – ၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံ၏စီးပွားရေး ကျဆင်းမှုများရှိခဲ့ပြီး မိမိတို့နိုင်ငံတွင်သာမက အခြားကမ္ဘာ့နိုင်ငံများတွင်လည်း စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းမှုမှာ အချက်အလက်များအရ ယခင် NLD အစိုးရဟောင်းလက်ထက် ၂၀၁၈/၂၀၁၉ ခုနှစ်ခန့်မှစတင်၍ စီးပွားရေးကျဆင်းမှုများ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရပြီး ထိုသို့ စီးပွားရေးကျဆင်းခဲ့ခြင်းမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်း ကုန်ထုတ်လုပ်ခြင်းများကို အားပေးခြင်းများမရှိခဲ့ခြင်းကြောင့် ဖြစ်သည်ကိုတွေ့ရှိရသည်။
ထို့ပြင် ပြည်ပမှတင်သွင်းမှုများ များပြားခဲ့ခြင်းကြောင့် နိုင်ငံ၏ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့သည်ကို မှတ်တမ်းများအရသိရှိရပြီး ပထမဒီမိုကရေစီအစိုးရ သက်တမ်းနှင့် ဒုတိယဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံကျော်ခန့် ကုန်သွယ်မှုလိုငွေများပြခဲ့ကာ အဆိုပါလိုငွေများကို ပြည်ပချေးငွေများ၊ ထောက်ပံ့ငွေများ၊ အခြားရငွေများဖြင့်ဖြေရှင်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရသဖြင့် ကုန်သွယ်မှုလိုငွေများ နည်းပါးအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ ၏ စီးပွားရေးတိုးတက်ကောင်းမွန်လာ မည်ဖြစ်သည်ဟုလည်း SAC ဥက္ကဋ္ဌက ပြောသည်။
အဆိုပါ အချက်အလက်များအပြင် မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် ကုန်သွယ်မှုကိုသာမက ရင်းနှီးမြှုပ်နှံ မှုများကိုပါ ဆောင်ရွက်ရကြောင်း၊ ဖွံ့ဖြိုးရေးနှင့်ဆိုင်သော ချေးငွေများသာမက ပြည်ပချေးငွေများအားလုံးကို နိုင်ငံတော်မှပြန်လည်ပေးဆပ်ရပြီး မိမိတို့အနေဖြင့် ယခင်ကာလများကရှိခဲ့သည့် ပြည်ပကြွေးမြီများကို တတ်နိုင်သမျှ ပြန်လည်ပေးဆပ် လျက်ရှိကြောင်း၊ ထိုကဲ့သို့သော ပြည်ပချေးငွေများရယူပြီး နိုင်ငံစီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်မှုများမရှိခြင်းကြောင့် အချို့နိုင်ငံများအနေဖြင့်လည်း စီးပွားရေးကျဆင်းမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့်တာဝန်ယူဆောင်ရွက်နေချိန်ကာလအတွင်း ပြည်ပကြွေးမြီများ နည်းပါးအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအတွင်းရှိ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် မြေပေါ်မြေအောက်သယံဇာတပစ္စည်းများကို ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိမည်ဖြစ်ကြောင်း၊ မြေပေါ်မြေအောက်သယံဇာတများကို ထုတ်ယူရောင်းချရာတွင် အချို့သောနေရာများ၌ တရားမဝင်ရောင်းဝယ်မှုများကြောင့် နိုင်ငံတော်အတွက် များစွာထိခိုက် နစ်နာစေကြောင်း၊ သဘာဝပစ္စည်းများကို ထုတ်ယူရောင်းချမှုမှာ နောင်တစ်ချိန်တွင် အခက်အခဲများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ မိမိတို့နိုင်ငံသည် ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် မိမိတို့နိုင်ငံ၏ စီးပွားရေးအတွက် အခြေခံအကျဆုံးစီးပွားရေး လုပ်ငန်းဖြစ်သဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများထုတ်လုပ်နိုင်ရေး အလေးထား အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးမှုမရှိခဲ့ဘဲ ပြည်ပမှသာ တင်သွင်းသုံးစွဲခဲ့မှုများကြောင့် ပြည်တွင်း၌ လိုအပ်ချက်များဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်၍ရသည့် အခြေခံသုံးကုန်၊ စားကုန် ပစ္စည်းများကို ပြည်ပမှ တင်သွင်းမှုများ လျှော့ချနိုင်ရန်အတွက် မိမိတို့အနေဖြင့်ဆောင်ရွက်လျက်ရှိပြီး ထိုသို့ ဆောင်ရွက်ခြင်းမှာ ပြည်ပမှတင်သွင်းမှုများကြောင့် နိုင်ငံခြားလိုငွေများ များစွာ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့်ဖြစ်ကြောင်း၊ အလားတူ ပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများတိုးတက်အောင်ဆောင်ရွက်၍ စားကုန်၊ သောက်ကုန်နှင့် သုံးကုန်များ အတွက် လုံလောက်စွာထုတ်လုပ်နိုင်ရန် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပမှ သွင်းကုန်များ ထိန်းချုပ်ပေးမှုကြောင့် ပြည်တွင်းစက်မှုလုပ်ငန်းများ အားကောင်းလာ ပြီး အလုပ်အကိုင်များလည်း ပေါများလာကြောင်း၊ ယခင်က ဘိလပ်မြေများ ထုတ်လုပ် ရာတွင် ကုန်ထုတ်လုပ်မှုစရိတ်များ ကြီးမြင့်ခြင်းများဖြစ်ပေါ်ခြင်း၊ ကုန်ကြမ်း များမရရှိ ခြင်း၊ လောင်စာနှင့်စွမ်းအင်များ လုံလောက်စွာမရရှိခြင်း၊ နည်းပညာလိုအပ်ချက်များ ရှိခြင်း ကြောင့် အခက်အခဲများဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၈/၂၀၁၉ ခုနှစ် ခန့်မှစ၍ နိုင်ငံ၏စီးပွားရေးကျဆင်းခဲ့သော်လည်း ယခုအခါ မိမိတို့နိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်တည်ငြိမ်ကောင်းမွန်လာပြီဖြစ်ကြောင်းလည်း မွန်ပြည်နယ်ရှိ SME လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ် SAC ဥက္ကဋ္ဌက ပြောကြားထားသည်။