MT News
Written By Thandar
AINDA Film Production က ပွဲဦးထွက် ရသစုံဇာတ်လမ်းပုံစံ “မင်းကောင်းမင်းမြတ်” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးအခမ်းအနားကို ဇွန်လ ၁၈ ရက်က ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အိမ်တော်ရာဘုရားမှာကျင်းပခဲ့ပြီး စာနယ်ဇင်း မိတ်ဆက်ပွဲကို M3 Food Center မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီဇာတ်ကားက မောင်မြတ်ဆွေရဲ့ဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)က ဇွန်လ ၂၀ ရက်ကျ နေပြည်တော်မြို့နယ်အတွင်းမှာ စတင်ရိုက်ကူးပုံဖော်မှာဖြစ်ပါတယ်။
” ဒီဇာတ်လမ်းလေးက ရေးထားတာကြာပါပြီ။ နာမည်ကြီး မင်းသားနဲ့ရိုက်ဖို့လည်း စီစဥ်ထားပေမယ့် ပျက်ခဲ့ရတယ်။ နောက်ထုတ်လုပ်ရေးတစ်ခုနဲ့ ရိုက်ဖို့လုပ်ထားတာလည်း ပျက်ခဲ့ရတယ်။ အခုတော့ လက်ရှိအနေအထားနဲ့ အဆင်ပြေအောင်ဇာတ်လမ်းကို ပြန်ပြီးပြင်ထားတယ်။ အဖက်ဖက်က အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပြီး ကြိုးစား ရိုက်ကူးသွားမှာဖြစ်လို့ ရုံတင်တဲ့ အချိန်မှာလည်း မင်းကောင်းမင်းမြတ် ဖြစ်မှာပါ” လို့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ပြောပါတယ်။
“မင်းကောင်းမင်းမြတ်” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်တွေက နေထက်လင်း၊ သုတအောင်၊ ဘုန်းလျှံ၊ ဘရန်မ်ဒိုလီ၊ ပိုင်စစ်မှူး၊ ဆင်မ၊ မိုးညို၊ စိန်မာဒင်၊ စိုးပြည့်သဇင်၊ မျိုးစန္ဒီကျော်၊ ခိုင်နှင်းဝေ၊ အိမ့်ချစ်ချစ်၊ လင်းလက်ခွန်ချို၊ မာဂရက်၊ နန်းဝေဝေမြင့်၊ ငြိမ်း၊ နန်းကေသရီ၊ ပပသင်း၊ မျိုးမျိုး၊ ကလေးသရုပ်ဆောင် စွမ်းကို၊ စွမ်းညီနဲ့ သရုပ်ဆောင်များစွာပါဝင်ကြမှာဖြစ်ပါတယ်။
” ဒီဇာတ်ကားလေးက ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးပါ။ ဒါရိုက်တာ ဦးစတီးလ်ဖြစ်သလို ဇာတ်လမ်းကလည်းကောင်းပြီး ကျွန်တော့်အတွက် ကြိုးစားခွင့်လည်းရတဲ့ ဇာတ်ကားလေးပါ။ ကျွန်တော့်ဘက်က ရာနှုန်းပြည့်ကြိုးစားအားထုတ်သွားမှာပါ”လို့ သရုပ်ဆောင် သုတအောင်က ပြောပါတယ်။