၁၉. ၆. ၂၀၂၃
Translated by Htwe Ko Tun
ဗြိတိန်နိုင်ငံ၊ အမိမြေလုံခြုံရေးဝန်ကြီးဖြစ်သော တွမ် တူဂင်ဒတ်(Tom Tugendhat) က တရုတ်တိုင်ပေအစိုးရ၏ တိုင်ဝမ်ဒေသ ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးဌာန အကြီးအကဲ အော်ဒရီတန်(Audrey Tang) ကို မကြာမီက လက်ခံတွေ့ဆုံခဲ့ခြင်းအပေါ် ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇွန်လ ၁၈ ရက်တွင် ပြင်းထန်စွာဝေဖန်ခဲ့ပြီး ၎င်းလုပ်ရပ်မှာ တရုတ်တစ်နိုင်ငံတည်း အခြေခံမူကို ချိုးဖောက်ရာကျကာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် သံရုံးပြောရေးဆိုခွင့်ရှိသူက “ဗြိတိန်အစိုးရအနေနဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ယုတ်လျော့ဖို့ ဆောင်ရွက်မှုမှန်သမျှ ပြတ်ပြတ်သားသားတုံ့ပြန်ခံရမယ်ဆိုတာ သိစေချင်တယ်” ဟု ပြောကြားသွားခဲ့သည်။
ထို့ပြင် ဗြိတိန်အစိုးရက တရုတ်တိုင်ပေဒေသတာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးကို ဗြိတိန်ထံ အလည်လာဖို့ခွင့်ပြုခဲ့ပြီး ယူကေအစိုးရ၏ သက်ဆိုင်ရာ တာဝန်ရှိသူနှင့် တွေ့ဆုံစေခဲ့ကြောင်း၊ ထိုလုပ်ရပ်က တရုတ်တစ်နိုင်ငံတည်းအခြေခံမူကို ချိုးဖောက်သည့်အပြင် အပြည်ပြည်ဆိုင်ရာဆက်ဆံရေး၏ အခြေခံစံနှုန်းများကိုလည်း ဖောက်ဖျက်ရာရောက်ကြောင်း၊ တိုင်ဝမ်လွတ်လပ်ရေးဆိုကာ ခွဲထွက်ရေးဆောင်ရွက်နေကြသောအဖွဲ့များသို့ မှားယွင်းသော အချက်ပြမှုတစ်ရပ်ပြုလုပ်ခြင်းလည်းဖြစ်ကြောင်း၊ အခြေခံအားဖြင့်ဆိုရလျှင် တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းသာဖြစ်ကြောင်း၊ ထို့ကြောင့်တရုတ်နိုင်ငံအနေနှင့် ထိုသို့လက်ခံတွေ့ဆုံခဲ့မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး အလေးအနက်ဆန့်ကျင်ကြောင်း တရုတ်သံရုံးတာဝန်ရှိသူက ဆက်လက်ပြောခဲ့သည်။
ထို့ပြင် တရုတ်သံရုံး၏ ပြောကြားချက်တွင် တိုင်ဝမ်ကျွန်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပိုင်နက်နယ်မြေ တစ်ခုအဖြစ်ထာဝရတည်ရှိနေကြောင်း၊ ထို့ကြောင့် တရုတ်တိုင်ပေအရေးကိစ္စမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်းအခြေခံမူက အသိအမှတ်ပြုထားသော အပြည်ပြည်ဆိုင်ရာဆက်ဆံရေးအခြေစံနှုန်းနှင့် နိုင်ငံတကာအအသိုင်းအဝိုင်း၏ အများသဘောတူဆန္ဒလည်းဖြစ်ကြောင်းပြောခဲ့သည်။
ဆက်လက်၍လည်း တရုတ်သံရုံးက တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးများ ထူထောင်ရန်နှင့် ဖွံဖြိုးတိုးတက်မှုတို့အတွက် နိုင်ငံရေးအခြေခံအဖြစ် ယူဆရမည့် တရုတ်တစ်နိုင်ငံတည်းအခြေခံမူနှင့် အပြည်ပြည်ဆိုင်ရာဆက်ဆံရေး၏အခြေခံစံနှုန်းများကို UK အစိုးရကစောင့်ထိန်းလိုက်နာရန် တရုတ်အစိုးရကတိုက်တွန်းကြောင်း၊ သို့အတွက် တရုတ်တိုင်ပေအာဏာပိုင်များနှင့် တရားဝင်တွေ့ဆုံမှုများကို UK အစိုးရက ရပ်ဆိုင်းရန်နှင့် ခွဲထွက်ရေးအဖွဲ့များအား ရဲဆေးတင်အကူအညီပေးနေခြင်းမပြုရန် ပြောလိုကြောင်း၊ သို့မဟုတ်ပါက တရုတ်အစိုးရ၏ ပြတ်ပြတ်သားသား တုံ့ပြန်မှုနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသွားကြောင်း သိရသည်။
Ref—– China Daily