၁၉. ၆. ၂၀၂၃
Written by Nay Moe
ရန်ကုန် UG သုံးဖွဲ့ပေါင်း၍ ခြေမြန်တပ်ရင်း ခမရ ၅၃၂၊ ရဲစခန်းနှင့် ဥပဒေရုံး သုံးနေရာအားဗုံးခွဲခဲ့သည်ဟု Freeland Attack Force PDF အဖွဲ့က ပြောသည်။
ထိုတိုက်ခိုက်ဗုံးခွဲမှုများကို ဇွန်လ ၁၈ ရက်ညက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရန်ကုန်- ပုသိမ်ကားလမ်းမပေါ် တပ်ထိပ်ရှိ ခြေမြန်တပ်ရင်း ခမရ ၅၃၂ တပ်ရင်းအနီးတွင် ည ၈နာရီ ၅၂ မိနစ်၌ ဗုံးများဖြင့် စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ ထို့အပြင် ည ၉ နာရီနောက်ပိုင်း၌ ဒေါပုံမြို့နယ် အရှေ့ပိုင်းခရိုင် တရားဥပဒေရုံး နှင့် မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက် ဘုရင့်နောင်လမ်းနှင့် အောင်ဆန်းသူရိယလှသောင်းလမ်းထောင့်ရှိ ထားဝယ်ချောင်ရဲစခန်းတို့အား ဆက်လက်၍ ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
UG PDF များအနေဖြင့် ပစ်မှတ်မြို့နယ်များမှ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်းနှင့် ဖျက်ဆီးတိုက်ခိုက်ခဲ့သည့် ပစ်မှတ်များ၏ပျက်စီးထိခိုက်မှု အခြေအနေကို အသေးစိတ်မသိရှိရသေးဟုလည်း ပြောသည်။
ထိုတိုက်ခိုက်မှုများကို Anonymous Fighters Force -AFF ၊ Freeland Attack Force-FLA နှင့် Emerald Girls Army – EGA တို့က ဗုံး ၉ လုံး အသုံးပြု၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားပြီး ထိုသုံးဖွဲ့သည် ပြီးခဲ့သော ဇွန် ၁၂ ရက်ညကလည်း တာမွေမြို့နယ် လျှပ်စစ်ရုံးအား ဗုံးနှစ်ကြိမ်ခွဲခဲ့ကြသည်။
ရန်ကုန်မြို့တွင် ကျောင်းသားခေါင်းဆောင်ဟောင်း ဒီငြိမ်းလင်းက Special Task Force အမည်ဖြင့် စေလွှတ်တိုက်ခိုက်ခိုင်းထားသည့် PDF ၂၆ ဦး ရောက်ရှိနေပြီး အဆိုပါ ၂၆ ဦးက အဖွဲ့များစွာခွဲ၍ လှုပ်ရှားနေကာ ၁၀ ဦးခန့်သာ အသေ/အရှင် ဖမ်းဆီးရမိထားသည်ဟုလည်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။