MT News
Written By Thandar
ဂီတမြို့ရဲ့ စွမ်းရည်ပြပွဲဂီတဖျော်ဖြေပွဲနဲ့ ပန်းချီပြပွဲကို ဇွန်လ ၁၈ ရက် နေ့လည် ၂ နာရီက ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပခဲ့ပါတယ်။
“ပန်းချီသင်တန်းလာတတ်တဲ့ ကလေးတွေပေါ့။ ၃ လခွဲ သက်တမ်းရှိတဲ့ ကလေးတွေရဲ့ ပန်းချီလက်ရာတွေပါ။ ကျွန်တော်တို့ဆရာကိုစန်းရယ်။ သူ့ရဲ့ပါတနာပန်းချီဆရာမတွေရဲ့ တပည့်လက်ရာတွေလည်းပါပါတယ်။ အနုပညာထူးချွန်တဲ့ ကလေးတွေကို မွေးထုတ်ပေးနေတာပေါ့။ နောက်တစ်ခုက အနုပညာရှင်တွေဖြစ်ဖို့လည်း ရည်ရွယ်ပါတယ်။ ဂီတပိုင်းသင်ကြားရင် ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကလည်း အများကြီးတိုးတက်တယ်လေ။ ဒီနှစ်ပိုင်းကို အဓိကထားသင်ပေးဖြစ်ပါတယ်။ ပုံမှန်လာတတ်နေတဲ့ကလေးတွေ ရှိသလို နွေရာသီပိတ်ရက်မှလာတက်တဲ့ကလေးတွေလည်းရှိပါတယ် “လို့ Music City Myanmar တည်ထောင်သူ အကယ်ဒမီ ဓီရာမိုရ်က ပြောပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲမှာ အသက် ၆ နှစ်အရွယ်ကနေ အသက် ၂၀ အထိ သင်တန်းသူ သင်တန်းသား ၁၂၃ ဦးကို Certificate အပ်နှင်းပေးပြီး စွမ်းရည်ပြအနေနဲ့ မှုံရွှေရည် (အက၊ စောင်း၊ တယော) ၊ Hotel California (Violin, Guitar) ၊ လင်းလိုက်စမ်းပါ ကြယ်လေးရယ် (Pianos only) ၊ Heal the world (All students) ၊ Theme Music with Tune of Love (All students) စတဲ့ သီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။
“အခုခေတ်ကလေးတွေ သင်ယူရတာမြန်ဆန်တယ်။ တစ်ခုခုဆို အာရုံစိုက်လုပ်ကြလို့ အရင်ကထက်စာရင် သင်ယူတတ်မြောက်လွယ်တယ်လို့မြင်ပါတယ်။ တချို့သီချင်းတွေ တိုက်ထားတဲ့ သီချင်းတွေပါသလို မတိုက်ထားဘဲ Unseen သီချင်းတွေကိုလည်း ဒီနေ့ချပေးပြီမှ သီဆိုတာမျိုးလည်းရှိပါတယ်။ လိုက်နိုင်တယ်ဆိုတော့ တော်တော်လိုက်နိုင်တဲ့ ကလေးတွေလို့ပြောလို့ရပါတယ်”လို့ သူကဆက်ပြောပါတယ်။