ဇွန်လ ၂၃ ရက်က စတင်ပြီးမြန်မာပြည်တွင်း ရုံတင်ပြသမဲ့ ကျေးလက်ဟာသ ” ကကြီးခကွေး” ရုပ်ရှင်ဇာတ်ကားရဲ့ Premier Show ကျင်းပ
MT News
ဇွန်လ ၂၃ရက်က စပြီး မြန်မာပြည်မှာ ရုံတင်ပြသမယ့် ကျေးလက်ဟာသရုပ်ရှင်ဆန်ဆန် ” ကကြီးခကွေး” ရုပ်ရှင်ဇာတ်ကားရဲ့ Premier Show ကို ဇွန်လ ၁၈ ရက်က ရန်ကုန်မြို့ သမ္မတ ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
” ဒီဇာတ်ကားလေးမှာ ကိုထွန်းနဲ့ရော ပိုးကြာနဲ့ပါ ပထမဆုံး ဆုံဖူးတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ ဟာသဇာတ်ကားလည်းဖြစ်တဲ့အတွက် ကျွန်တော့်ကြောင့် အမှားဖြစ်မှာ စိုးရိမ်တယ်။ ကိုထွန်းနဲ့ကလည်း တစ်ခါမှမဆုံဖူးကြတာဖြစ်လို့ ကိုထွန်းကိုသေချာမိတ်ဆက်ပြီး ရင်းနှီးမှုယူရတယ်။ ရိုက်ကွင်းမှာ ကျွန်တော်မှားတာလေးတွေရှိရင်လည်း နားလည်ပေးတယ်။ ဒီဇာတ်ကားက သရုပ်ဆောင်ပိုင်းတင်မဟုတ်ဘဲ လိုအပ်တဲ့ ဝတ်စားပြင်ဆင်မှုတွေအားလုံး ကိုယ်တိုင်စီစဥ်ရတယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်ထားသလို အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစား သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးက ဟာသကားလေးဆိုပေမယ့် ပညာပေးလည်းပါပြီး ချစ်စရာလည်းကောင်းတဲ့ ကားလေးပါ။ ပရိသတ်တွေလည်း နှစ်သက်မယ်လို့ထင်ပါတယ်”လို့ သရုပ်ဆောင် ရှင်မွေလက ပြောပါတယ်။
အဆိုပါ Premier Show ပွဲကိုတော့ ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ထားတဲ့ အကယ်ဒမီ ထွန်းထွန်း ၊ အဆိုတော် သရုပ်ဆောင် လွှမ်းပိုင် ၊ ရှင်မွေလ ၊ ပိုးကြာဖြူခင် စတဲ့ သရုပ်ဆောင်တွေ ဇာတ်ပို့ဇာတ်ရံတွေအပြင် ဖိတ်ကြားထားတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ စိုင်းစည်တွမ်ခမ်း ၊ ထက်ထက်ထွန်း ၊ စည်ဖြိုးနဲ့ ခင်လွှမ်း ၊ ကျော်ဆု စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
Hill Picture Film Production စီစဉ်ရိုက်ကူးတဲ့ ဒီဇာတ်ကားက နေစိုးသော်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ပြည်ဟိန်းသီဟကိုယ်တိုင် ဇာတ်ညွှန်းရေးဖွဲ့ပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ထွန်းထွန်း၊ လွှမ်းပိုင်၊ ရှင်မွေလ၊ ပိုးကြာဖြူခင်၊ မာမီသက်၊ ငှက်ပျောကြော်၊ စံလင်း၊ စိုပြေ၊ ပန်းသီး၊ အေးချမ်း၊ ဖိုးသဲ၊ ရွှေအိုး၊ ယုဇနနိုင်ဝင်း၊ ဝင်းဇော်ဟိန်း၊ ပိုးပိုး၊ နန်းကြယ်စင်စတဲ့ သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးပုံဖော်ထားပါတယ်။