၂၂. ၁၀. ၂၀၂၂
Writtyen by Nay Moe
အပြည်ပြည်ဆိုင်ရာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံအား မြောက်ကိုရီးယား၊ အီရန်တို့နှင့် တန်းတူ အမည်ပျက်စာရင်းသွင်းကြောင်း ကြေညာအပြီးတွင် မြန်မာကျပ်ငွေတန်ဖိုးမှာ ညတွင်းချင်းကျဆင်းလာခဲ့ကြောင်း သိရသည်။
နှစ်ပတ်ခန့် ကျပ် ၃၀၀၀ ပတ်လည်တွင် ငြိမ်သက်နေသော အမေရိကန်ဒေါ်လာစျေးမှာ အောက်တိုဘာ ၂၁ ရက်ညနေတွင် ကျပ် ၂၉၀၀ ခန့်မှ ည ၁၂ နာရီ ခန့်တွင် တစ်ဒေါ်လာ ၃၅၀၀ ကျပ်သို့ စျေးဆွဲတင်ခဲ့ပြီး ဘတ်ငွေစျေးမှာလည်း ညဦးပိုင်းက ၇၄ ကျပ်ခန့်သာရှိရာမှ ကျပ် ၉၀ ခန့်သို့ ခုန်တက်လာခဲ့ကာ အခြားသောကမ္ဘာ့ငွေကြေးများတွင်လည်း စျေးကစားသူ များက ၂၀ ရာခိုင်နှုန်းခန့် တန်ဖိုးဆွဲတင်ကာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းစေခဲ့သည်။
“FATF ဥက္ကဋ္ဌက Blacklist လို့ ပြောသွားပေမဲ့ သူတို့ Update လုပ်တဲ့ အစီရင်ခံစာမှာတော့ အီရန်နဲ့ မြောက်ကိုရီးယားလို To Apply Counter Measures မဟုတ်သေးဘဲ To Apply Enhanced Due Deligence Measures လို့ပဲသုံးထားတာတွေ့ရတယ်။ သဘောကတော့ ကင်းလွတ်ခွင့်၊ ကြိုးစားခွင့်တွေ ရှိနေဆဲဖြစ်ပြီး လာမဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်အထိ ကြိုးစားခွင့်ရှိမယ်လို့လည်း သဘောပေါက်တယ်။ ဒေါ်လာစျေးတွေ တက်တာကတော့ ပြီးခဲ့တဲ့ ဩဂုတ်မှာ ကျပ် ၅၀၀၀ အထိ ဆွဲတင်ချိန်မှာ ထင်ထားသလိုဖြစ်မလာဘဲ ၄၅၀၀ လောက်ကနေ ၂၅၀၀ နဲ့ ၂၉၀၀ ကြား ပြိုဆင်းသွားတော့ ပိုက်ဘောမိထားသူတွေက ညတွင်းချင်းစျေးဆွဲတင်တာပေါ့။ စနေ၊ တနင်္ဂနွေကတော့ စျေးသတ်မှတ်ချက် မှန်လေ့မရှိတော့ ပရမ်းပတာတွေ ဖြစ်ကုန်ဦးမှာပဲ။ ရွှေစျေးတွေလည်း တက်လာမှာပဲ။ အဓိက အကျပ်အတည်းကတော့ နိုင်ငံတကာနဲ့ ဆက်သွယ်လုပ်ဆောင်ရတဲ့ သူတွေ အကုန်အခက်အခဲတွေ့လာမယ်။ FDI အဝင်တန့်တာတွေ ဆက်ထွက်တာတွေဖြစ်မယ်။ နိုင်ငံတကာနဲ့ ကုန်သွယ်ရာမှာ အခက်တွေ့ပြီး အရင်ခေတ်ကလို နှစ်ဆင့်သုံးဆင့်လုပ်ရတော့မှာဆိုတော့ ကုန်စျေးနှုန်းတွေတက် ရွှေစျေး၊ ဒေါ်လာစျေး၊ မြေစျေးတွေ ဆွဲအတင်ခံရမှာပေါ့” ဟု စီးပွားရေးပညာရှင်တစ်ဦးက မှတ်ချက်ပြုသည်။
NLD အစိုးရဟောင်းလက်ထက် ၂၀၁၈ ခုနှစ်ကတည်းက စတင်ကာ မြန်မာနိုင်ငံ၏ ငွေမည်းခဝါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုများအတွက် လိုက်နာရမည့် လုပ်ငန်းစဥ် ၉၉ ချက်ကို လုပ်ဆောင်ရန် FATF (Financial Action Task Force) က မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့သည်။ ထို့နောက် ၂၀၂၁ ဖြစ်စဥ်များအပြီးတွင်မူ အဆိုပါ ငွေမည်းခဝါချမှုနှင့် အကြမ်းဖက် မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာမှုမရှိ၍ဟုဆိုကာ Blacklist အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း FATF အဖွဲ့ဥက္ကဋ္ဌ T.Raja Kumar က ဆိုသည်။
မြန်မာနိုင်ငံအား FATF က အမည်ပျက်စာရင်းသွင်းမှုအပေါ် Nikkei Asia သတင်းဌာနက သတင်းဖော်ပြရာတွင် ကာစီနိုများနှင့် အွန်လိုင်းလောင်းကစားမှုများ မထိန်းချုပ်နိုင်မှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ကူးသန်းရောင်းဝယ်မှုများမြင့်တက်လာမှု၊ မူးယစ်ဆေးဝါးတင်ပို့မှုများ စသည့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများတိုးပွားလာမှုများက အဓိကကျကြောင်း ဖော်ပြခဲ့သည်။ အမည်ပျက်စာရင်း သတ်မှတ်မည်ပြောကြားခြင်းမှာလည်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများတိုက်ဖျက်ရာတွင် မဟာဗျုဟာမြောက်လုပ်ဆောင်ရမည့်အရာများ ဖြေရှင်းရန်ပျက်ကွက်ခြင်းကြောင့် အရေးယူခြင်းဖြစ်ကြောင်း Raja Kumar က ပြောသည်။ သို့သော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာငွေကြေးစီးဆင်းမှုများအပေါ် ထိခိုက်နစ်နာစေမည့် တင်းကျပ်မည့်အစီအမံများပါဝင်မည်မဟုတ်ဟုလည်း ယင်းက မှတ်ချက်ပြုခဲ့သည်။
မြန်မာနိုင်ငံသည် FATF တွင် ပူးပေါင်းဆောင်ရွက်မှုမရှိသောနိုင်ငံအဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ စာရင်းသတ်မှတ်ခံခဲ့ရပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ငွေကြေးခဝါချမှုနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်မှုအထူးအားနည်းသည့်နိုင်ငံစာရင်းတွင် သိသာစွာတိုးတက်မှုမရှိသော နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရကာ ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံအချင်းချင်းအကဲဖြတ်မှုအစီရင်ခံစာ(Mutual Evaluation Report)၌ လုပ်ငန်းစဥ် ၉၉ ရပ် ဆောင်ရွက်ရန်သတ်မှတ်ခံရ၍ အဆိုပါလုပ်ငန်းစဥ်များအတွက် လက်ရှိ ယာယီသမ္မတဦးမြင့်ဆွေ ဦးဆောင်သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ရာ လုပ်ငန်းစဥ်ရှစ်ရပ်သာ ပြီးစီးရန်ကျန်ရှိသည့်အခြေအနေဖြစ်ကြောင်း ထိုစဥ်က စီမံ၊ ဘဏ္ဍာ၊ စက်မှုဝန်ကြီးဟောင်းဦးစိုးဝင်းက ပြောကြားခဲ့ပြီး အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများနှင့် ပတ်သက်၍ FATF က ဖိအားပေးနေကြောင်းလည်း ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၂ ရက်က လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဥ် NLD ဝန်ကြီးဟောင်းဦးစိုးဝင်းက ဝန်ခံခဲ့ဖူးသည်။