၁၉. ၆. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်၌ နိုင်ငံသားမှတ်ပုံတင်ဦးစီးဌာနမှ ထိုင်းအရာရှိသုံးဦးမှာ လွန်ခဲ့သောသုံးလအတွင်း မြန်မာနိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူ ၇၀၀ ကို ပန်းရောင်မှတ်ပုံတင်ကတ်များ ထုတ်ပေးရန်အတွက် တံစိုးလက်ဆောင် ဘတ်ငွေ သန်း ၃၀ ယူ၍ ဆောင်ရွက်ပေးခဲ့ကြောင်း စွပ်စွဲခံရပြီးနောက် သိက္ခာကျ အရှက်ရဖွယ် စုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်းများ ခံနေကြရကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ထိုမှတ်ပုံတင်အရာရှိသုံးဦးက ဒုက္ခသည်များနှင့် ကယားပြည်နယ်တွင် လှုပ်ရှားနေသော PDF များကဲ့သို့ မြန်မာအစိုးရဆန့်ကျင်ရေးအကြမ်းဖက်သောင်းကျန်းသူအုပ်စုဝင် ၇၀၀ ခန့်အတွက် ပန်းရောင်မှတ်ပုံတင်များ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်တစ်ခုက ဆိုသည်။ လွန်ခဲ့သည့်သုံးလအတွင်း ၎င်းတို့က တစ်နေ့လျှင်ပျမ်းမျှ ပန်းရောင်မှတ်ပုံတင်ကတ် ၁၅ ကတ်မှ ၂၀ ကတ် အထိ ထုတ်ပေးခဲ့သည်ဟုလည်း သိရသည်။ ကတ်တစ်ခုလျှင် ဘတ် ၄၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ၎င်းတို့ကတောင်းဆိုခဲ့ရာ စုစုပေါင်း တံစိုး လက်ဆောင်အနေဖြင့် ဘတ်ငွေ ၂၈ သန်းမှ သန်း ၃၀ အထိ ရရှိခဲ့ကြသည်ဟု သတင်းအရင်းအမြစ်ကဆိုသည်။
တက်ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး ဆွန်ချိုင်းထံ ဒေသခံများနှင့်တာဝန်ရှိသူများက အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုင်ကြားချက်များပြုလုပ်ခဲ့ကြသည်။ မဲဆောက်မှတ်ပုံတင်ရုံးတွင် မိမိတို့မှတ်ပုံတင်များအတွက် မှတ်ပုံတင်ရန်(သို့မဟုတ်) သက်တမ်းတိုးအသစ်လဲလှယ်ရန် ဆောင်ရွက်ကြသည့် ထိုင်းနိုင်ငံသားများက ပန်းရောင်မှတ်ပုံတင်ကတ်များရရှိရေး တန်းစီစောင့်ဆိုင်းနေသော ရွှေ့ပြောင်းနေထိုင်သူများမှာ ပုံမှန် မဟုတ်ဘဲ ရှည်လျားစွာတန်းစီနေကြသည်ကို တွေ့ရကြောင်းပြောခဲ့ကြသည်။ ထို့နောက်တွင်မူ ဆွန်ချိုင်းက မဲဆောက်ခရိုင် မှတ်ပုံတင်ရုံးကိုစစ်ဆေးရန် အမိန့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
စုံစမ်းစစ်ဆေးမှုအဖြေကို စောင့်ဆိုင်းနေစဉ်အတွင်း အဆိုပါ အရာရှိသုံးဦးအား အခြားဌာနများတွင် အရေးမပါသောနေရာများသို့ ရွှေ့ပြောင်းထားရန်အမိန့်ကို မဲဆောက်မြို့တော်ဝန် ပရာဆတ် ပေါင်လာကွန်က လက်မှတ်ထိုးခဲ့သည်။
ပန်းရောင်မှတ်ပုံတင်ကတ်က ထိုင်းနိုင်ငံအတွင်း ထိုင်းနိုင်ငံသားမဟုတ်သည့် နိုင်ငခြားသားများနေထိုင်ကြရာတွင် ဥပဒေနှင့်ညီညွတ်ကြောင်း သက်သေခံအဖြစ် ထုတ်ပေးသောကတ်ပြားဖြစ်သည်။ ၎င်းကို ကိုင်ဆောင်သူက ထိုင်းနိုင်ငံသားကတ်ကဲ့သို့ အခွင့်အရေးများမရသော်လည်း ထိုင်းနိုင်ငံအတွင်းကြာရှည်နေ၍ အလုပ်အကိုင်လုပ်လိုသူများအတွက် ဥပဒေနှင့်ညီညွတ်ကာ အထောက်အကူဖြစ်စေမည်ဖြစ်ပြီး ပန်းရောင်မှတ်ပုံတင်ကတ်၏ သက်တမ်းက ၁၀ နှစ်ဖြစ်သည်။
Ref—– Bangkok Post