၁၉. ၆. ၂၀၂၃
Written by Pan Ei
အီကွေဒေါနိုင်ငံက အသက် ၇၆ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ ဆရာဝန်တွေက သေဆုံးသွားပြီလို့ အတည်ပြုခံခဲ့ရပြီး ခေါင်းတလားထဲမှာ ၄ နာရီကြာနေခဲ့ရပြီးနောက် အသက်ပြန်ရှူနေခဲ့တာကို ဆွေမျိုးတွေက တွေ့ခဲ့ရကာ အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ခုနှစ်ရက်အကြာမှာ အဆိုပါအမျိုးသမီးကြီးက ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ အမှန်တကယ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဘယ်လာမွန်တိုယာလို့ အမည်ရတဲ့ အမျိုးသမီးကြီးဟာ ပြီးခဲ့တဲ့ ဇွန် ၉ ရက်က ဦးနှောက်သွေးကြောပြတ်ကာ နှလုံးခုန်ရပ်တန့်တာကြောင့် သေဆုံးသွားကြောင်း ဆရာဝန်တွေက အတည်ပြုခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ သူမကို အခေါင်းထဲမှာ ထည့်ထားခဲ့ပေမဲ့ လေးနာရီခန့်အကြာမှာ သူမကို သင်္ဂြိုဟ်ခြင်းမပြုခင် ဆွေမျိုးတွေက အ၀တ်အစားလဲပေးဖို့ ခေါင်းတလားကို ဖွင့်လိုက်ချိန်မှာ အံ့သြစရာကောင်းလောက်အောင် အသက်ရှူနေတာကို တွေ့လိုက်ရတာဖြစ်ပြီး သူမရဲ့ မိသားစုတွေနဲ့ မိတ်ဆွေတွေက တုန်လှုပ်ခဲ့ကြရပါတယ်။
အဲ့ဒီနောက်မှာ အဆိုပါ အမျိုးသမီးကို ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်ကို ပြန်လည်ပို့ပေးခဲ့တာဖြစ်ပြီး ခုနစ်ရက်အကြာမှာတော့ ပြန်လည် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
“အထူးကြပ်မတ်ကုသဆောင်မှာ တစ်ပတ်ကြာနေထိုင်ပြီးနောက် ဘယ်လာမွန်တိုယာဟာ ဦးနှောက်သွေးကြောပြတ်ရောဂါနဲ့ပဲ သေဆုံးခဲ့တယ်”လို့ အီကွေဒေါကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့တာဖြစ်ပါတယ်။
မွန်တိုယာရဲ့သားဖြစ်သူ Gilberto Barbera Montoya က “အာဏာပိုင်တွေထံက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာ ရှင်းလင်းချက် တစ်စုံတစ်ရာ မရရှိသေးကြောင်းနဲ့ “ဆက်လက်ငြိမ်ခံနေမှာ မဟုတ်ကြောင်း” သတိပေးပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဒေါ်ဖြစ်သူကလည်း အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ကာ တရားဝင်တိုင်ကြားခဲ့ပြီး မွန်တိုယာသေဆုံးကြောင်းကို စတင်အတည်ပြုခဲ့တဲ့ ဆရာဝန်ကို ဖော်ထုတ်နိုင်ဖို့ ရှာဖွေနေတယ်လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
အငြိမ်းစားသူနာပြုတစ်ဦးဖြစ်တဲ့ မွန်တိုယာရဲ့ ရုပ်အလောင်းကို သူမပြန်နိုးလာခဲ့တဲ့ ဈာပနအိမ်ကို ပြန်သယ်ဆောင်သွားခဲ့ကြပြီး သူမရဲ့သားဖြစ်သူက သူမကို လူထုသုသာန်မှာ သင်္ဂြိုဟ်သွားမယ်လို့ ပြောခဲ့ပါတယ်။
အီကွေဒေါကျန်းမာရေးဝန်ကြီးဌာနက မွန်တိုယာရဲ့ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ဆေးရုံက သေစာရင်းလက်မှတ်တွေကို ဘယ်လိုထုတ်ပေးလဲဆိုတာကို ပြန်လည်စစ်ဆေးဖို့ နည်းပညာကော်မတီကို ဖွဲ့စည်းထားတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့ပါတယ်။
Ref; The Guardian, Mirror