MT News
Written by Nay Moe
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့များ အတွင်းသို့ KKO(ခွဲထွက်)အဖွဲ့၊ KNLA အဖွဲ့နှင့် PDF အဖွဲ့တို့က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁ ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်များမှာ ဇွန် ၁၆ ရက် ညနေ ၅ နာရီ ၂၀ ခန့်တွင် KKO (ခွဲထွက်)အဖွဲ့၊ KNLA အဖွဲ့နှင့် PDF များက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက် အတွင်းသို့ မြို့၏အရှေ့မြောက်ဘက် မီတာ ၂၅၀၀ ခန့်မှ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ လက်နက်ကိုင်များသည် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် PDF များ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးဗုံးသီးများ ကျရောက် ပေါက်ကွဲမှုကြောင့် အမှတ်(၇) ရပ်ကွက်၊ ဂန္ဓမာလမ်းတွင် နေထိုင်သည့် ဒေသခံပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံမှတဆင့် ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိသည်။
အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အတွင်းသို့ KNLA အဖွဲ့ နှင့် PDF အဖွဲ့များက ဇွန် ၁၆ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မြို့၏ အရှေ့တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ည ၁၀ နာရီခန့်တွင် PDF များသည် အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် KNLA အဖွဲ့ နှင့် PDF များ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် သိမ်ဇရပ်မြို့၊ ရွာလေးကွက်သစ်တွင် နေထိုင်သည့် ဒေသခံပြည်သူအမျိုးသမီး ၁ ဦး သေဆုံးခဲ့ရပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။