၂၁-၁၀-၂၀၂၂
Written By Nay Moe
ကော့ကရိတ်မြို့အား မြို့သိမ်းတိုက်ပွဲ လာဆင်နွှဲနေသည့် KKO ခွဲထွက်အဖွဲ့နှင့် NUG ၊ CRPH တို့၏ PDF များ၏ စစ်ရာဇဝတ်မှုကျုးလွန် တိုက်ခိုက်ခြင်းကို အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်မှု (Counter-terrorism Action) ဖြင့် ထိရောက်စွာအရေးယူမည်ဟု SAC က အောက်တိုဘာ ၂၁ ရက် နေ့လည်တွင် ကြေညာချက်ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ KKO ခွဲထွက်အဖွဲ့နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF များက ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လူနေရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးဌာန အဆောက်အဦများ အတွင်း ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ KKO ခွဲထွက်အဖွဲ့နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF များသည် ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့၏ မြောက်ဘက် မှ မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းနောက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် လူနေရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးဌာန အဆောက်အဦများအတွင်း လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ အရပ်သားပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများကြောင့် ပြည်သူအချို့နှင့် နိုင်ငံ့ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ဒဏ်ရာရရှိသူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး အများပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အသက်အန္တရာယ်များ ကာကွယ် စောင့်ရှောက်ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
KKO ခွဲထွက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အများပြည်သူ အေးချမ်းစွာဖြင့် နေထိုင်လျက်ရှိသော လူနေရပ်ကွက်များ အတွင်းနှင့် နိုင်ငံ့တာဝန်များကို ကျေပွန်စွာ တာဝန်ထမ်းဆောင်နေသူများအား ရက်စက်မိုက်မဲစွာ အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဂျီနီဗာ ကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာ ရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများ အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ချေမှုန်းရေး ဆောင်ရွက်မှု (Counter-terrorism Action) ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။