◾️ မိခင်ဖြစ်သူဒဏ်ရာ ပြင်းထန်သော်လည်း သားငယ်မှာ ခေါင်းကွဲဒဏ်ရာသာရ
၁၉. ၆. ၂၀၂၃
Written by Peya
စစ်ကိုင်း-မန္တလေးလမ်းတွင် မိသားစုလေးဦး လိုက်ပါလာသည့်ကား တိမ်းမှောက်ရာ ဖခင်နှင့် သားကြီးဖြစ်သူ သေဆုံးပြီး မိခင်ဖြစ်သူ ဒဏ်ရာပြင်းထန်ကာ ဖြစ်စဉ်တွင် ကားပေါ်ပါသူများအားလုံး ကားထဲမှ အပြင်သို့ လွင့်စင်သွားခဲ့ကြခြင်းဖြစ်ကြောင်း သီရိဆင်ကာ ပရဟိတ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်း၊ ကန်ပတ်လမ်း ဒေါ်အေးကြင် ဘူဖေးထမင်းဆိုင်အနီးတွင် ဇွန်လ ၁၈ ရက် ညပိုင်း ၁၀ နာရီကျော်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။
“သားအမိ သားအဖ လေးယောက်ပေါ့။ မန္တလေးကနေ စစ်ကိုင်းဆီအပြန် အမရပူရ ရေထိန်းတံခါးရှိတယ်လေ။ တာရိုးကျိုးတဲ့ နေရာနားမှာ ကျောက်ပုံကြီး ရှိတယ်။ အဲ့ဒီကျောက်ပုံကို ကျော်ထွက်သွားပြီးတော့ ကားက နှစ်ပတ်သုံးပတ် လည်သွားတာမှာ မြေကြီးကို ခေါင်းနဲ့ ကျ၊ ပြီးတော့ ကားနောက်ပိုင်းနဲ့ ပြန်ကျ အဲ့ဒီလို ဖြစ်သွားတာ။ သူတို့ မိသားစု အိမ်နဲ့ကလည်း သိပ်မဝေးတော့ဘူး။ နှစ်ပြလောက်ပဲ” ဟု ၎င်းက ဆိုသည်။
ဖြစ်စဉ်တွင် အသက် ၃၈ နှစ်အရွယ် ဖခင်ဖြစ်သူနှင့် အသက် ၅ နှစ်အရွယ် သားဖြစ်သူတို့ သေဆုံးသွားခဲ့ကြခြင်းဖြစ်ကာ အသက် ၃ နှစ်အရွယ် သားငယ်ဖြစ်သူနှင့် မိခင်မှာ အသက်ဘေးက လွတ်မြောက်ခဲ့သော်လည်း မိခင်ဖြစ်သူ အမျိုးသမီးတွင် ခါးရိုးကျိုးခြင်း၊ ပေါင်ရိုးကျိုးခြင်း၊ နံရိုးကျိုးခြင်း၊ လက်ကျိုးခြင်း စသည့် ဒဏ်ရာများ ရသွားခဲ့ကာ သားငယ်ဖြစ်သူမှာ ခေါင်းကွဲသည့် ဒဏ်ရာသာ ရခဲ့ကြောင်း သိရသည်။
“အဖေကတော့ တော်တော်ဝေးဝေးအထိ ရှေ့မှန်ပွင့်ပြီး ထွက်သွားတာ။ သားကြီးက ကားရဲ့ ရှေ့လေးမှာ။ အမေကလည်း ဝါးတစ်ပြန်လောက် လွင့်သွားတာ။ သားငယ်ကလည်း ကားနဲ့ သိပ်မဝေးဘူး” ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။