၁၉. ၆. ၂၀၂၃
Written by Peya
အောင်မင်္ဂလာ အဝေးပြေးကားဝင်းသို့ ခရီးသည် သွားကြိုမည်ဟုဆိုကာ ပျောက်ဆုံးသွားသည့် တက္ကစီယာဉ်နှင့် ယာဉ်မောင်း၏ သတင်းအစအနကို ၁၀ ရက်ကျော်ကြာသည့်အထိ လုံးဝ မရသေးကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
ပျောက်ဆုံး တက္ကစီယာဉ်မှာ တက္ကစီယာဉ်အမှတ် (YGN) 5F/9019 ဖြစ်ပြီး ဦးဝင်းဆိုင်က မောင်းနှင်ခြင်းဖြစ်ကာ ဇွန်လ ၇ ရက် နံနက် ၅ နာရီခွဲတွင် အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ခရီးသည်ကြိုမည်ဟုဆိုကာ ထွက်သွားပြီးနောက် မိတ်ဆွေများက မည်သည့်နေရာသို့ ရောက်နေကြောင်း သိလိုသည့်အတွက် နံနက်ပိုင်း ၇ နာရီခွဲအချိန် ဆက်သွယ်ရာ ဆက်သွယ်မရဘဲ ဖုန်းဆက်မရသည့် အချိန်က စတင်ကာ ပျောက်ဆုံးကြောင်း သိရခြင်းဖြစ်ပြီး ပျောက်ဆုံးသူ၏ ဖုန်း GPS သည် နံနက် ၆ နာရီအချိန်တွင် မြောက်ဥက္ကာလာပမြို့နယ်၊ ဓမ္မာရုံမှတ်တိုင်အနီး စကားဝါလမ်းထိပ်တွင် ရှိခဲ့သည်ဟု နောက်ဆုံး ပြသခဲ့သည့် အတွက် အဆိုပါနေရာသို့လည်း သွားရှာခဲ့ကြသေးသည်။
“ပြန်လည်း မတွေ့ဘူး။ သတင်းလည်း ဘာမှမရသေးဘူး။ ကျွန်တော်တို့လည်း ဘယ်ဆက်သွယ်လို့ ဆက်သွယ်ရမှန်း မသိဘူး ဖြစ်နေတယ်။ ဘာမှမသိရသေးဘူး ဖြစ်နေတာ။ ဘယ်လိုက်လို့ လိုက်ရမှန်း မသိတာ။ သတင်း အစအန ရှိရင်တော့ ကျွန်တော်တို့ လိုက်လိုရတယ်။ ဘယ်လိုဖြစ်ဖြစ် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အစလေး ထွက်လာရင် လုပ်လို့ကိုင်လို့ ရသေးတယ်။ အခုက လုံးဝ ပျောက်နေတာ။ ယောင်ချာချာတွေ ဖြစ်နေတာ” ဟု ၎င်းက လက်ရှိ အခြေအနေကို ရှင်းပြသည်။
လူပျောက်၊ ကားပျောက် အမှုအတွက် ရဲစခန်းတွင် အမှုဖွင့်ထားကာ ရပ်ကွက်ရုံးကိုလည်း အကြောင်းကြားထားပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်ပါက သိရှိရလျှင် ဖုန်းနံပါတ် 09795293098/09266153100/09772929112 တို့ကို ဆက်သွယ်အကြောင်းကြားစေလိုကြောင်း မိသားစုက အသိပေးထားသည်။
“မိသားစုကလည်း ပူပင်နေတာ။ သူတို့တွေလည်း အလုပ်တွေတောင် မဆင်းနိုင်ဘူး ဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။