October 30, 2024

ကော့ကရိတ်မြို့အား မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် KNU နှင့် PDF ပူးပေါင်းအဖွဲ့များ၏ ထုတ်ပြန်မှုကို တွေ့ရစဉ်

၂၁-၁၀-၂၀၂၂

Written by Nay Moe

အောက်တိုဘာ ၂၁ ရက် နံနက် ၇ နာရီမှ စတင်ကာ KNU နှင့် PDF ပူးပေါင်းအဖွဲ့များက ကော့ကရိတ် မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့မှုကြောင့် SAC ၏ လခရတပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ကြားထဲမှ ပြည်သူများအထိနာခဲ့သည်ဟု နှစ်ဖက်သတင်းများနှင့် ဒေသခံပြည်သူများထံမှ စုံစမ်းသိရသည်။

“ကျွန်တော်တို့ ကျားဖြူစစ်ကြောင်းနဲ့ ကော်သူးလေ Army မှ Lion Battalion၊ KNLA ပူးပေါင်းတပ်၊ နဂါးဖြူ စစ်ကြောင်း၊ Eagle Brigades၊ Federal Wings အစရှိတဲ့ပူးပေါင်းတပ်ဖွဲ့များ ကရင်ပြည်နယ် ကော့ကရိတ်မှာ မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲနေပါပြီ။ မနက် ၇ နာရီကပါ။ လက်ရှိမှာ မြို့ပတ် ပတ်လည်ကို KNLA နဲ့ ပူးပေါင်းအဖွဲ့က ဝိုင်းထားပြီး လုံခြုံရေးလှည့်ကင်းနဲ့ လှည့်နေပြီ ဖြစ်ပါတယ်။ နောက်ဆုံး Update က ကော့ကရိတ်ထောင်ကိုလည်း ဖွင့်လိုက်နိုင်ပြီးဖြစ်ပါတယ်။ အားလုံးလည်း လွတ်သွားကြပြီး ပူးပေါင်း တိုက်ပွဲဝင်နေကြပါတယ်” ဟု မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ကျားဖြူတပ်ခွဲ(၁) က ဆိုသည်။

KNU နှင့် PDF ပူးပေါင်းအဖွဲ့များက နံနက် ၇ နာရီမှစတင် အလစ်အငိုက်ယူကာ ဝန်ထမ်းအိမ်ရာများနှင့် ပြည်သူများ၏ နေအိမ်ကို စီးနင်းအကာအကွယ်ယူကာ ပစ်ခတ်တိုက်ခိုက်ခြင်းဖြင့် မြိုသိမ်းတိုက်ပွဲဆင်နွှဲခဲ့သလို SAC ၏ လုံခြုံရေးတပ်များကလည်း မြေပြင်နှင့် လေကြောင်းပစ်ကူများဖြင့် တိုက်ပွဲဆင်နွှဲခဲ့သည်။

လက်ရှိတွင် KNU နှင့် PDF များ ကော့ကရိတ်ထောင်ကို ဖွင့်နိုင်ခဲ့ပြီဆိုသည်မှာ သတင်းအမှားဖြစ်ကြောင်းနှင့် တပ်မတော်မှ ဆုတ်ခွာသွားသည့် KNU နှင့် PDF များနောက်သို့ လိုက်လံပစ်ခတ်ချေမှုန်းနေကြောင်း သိရသည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကော့ကရိတ်အကျဥ်းထောင်နဲ့ ထွေအုပ်ရုံးကို KNU သောင်းကျန်းသူတွေ စီးနင်းထားတယ်ဆိုတာက သတင်းအမှား ဖြစ်တယ်လို့ သိရပါတယ်။ ကော့ကရိတ်မြို့ကို တပ်က ထိန်းလိုက်နိုင်ပါပြီ၊ မြို့သိမ်းမယ်ဆိုတဲ့ သောင်းကျန်းသူတွေလည်း မသိမ်းနိုင်ပါဘူး။ တပ်က မြေပြင်၊ ဝေဟင် လိုက်လံချေမှုန်းနေတယ်လို့ သိရပါတယ်” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိ ကော့ကရိတ်မြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေဆဲသာဖြစ်ပြီး KNU နှင့် PDF များက ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်ကာ လက်ရှိအချိန်အထိ ပြည်သူနှစ်ဦးထက်မနည်း သေဆုံးထားပြီး အများအပြားဒဏ်ရာရရှိမှု ရှိနေသည်ဟုလည်း သိရသည်။

“KNU နှင့် PDF တွေကလည်း မြို့တွင်းမြို့ပြင်ပတ်ဝိုင်းပြီး ပစ်နေတာ။ တပ်ကလည်း လေကြောင်းကနေ ပစ်နေတာ။ ကြားထဲက ပြည်သူတွေက ဘယ်ကိုမှ ရှောင်ထွက်လို့မရဘဲ အိမ်ထဲမှာပဲ လုံခြုံအောင်နေနေရတယ်။ အပြန်အလှန်ပစ်နေတဲ့ကြားမှာ ပြည်သူတွေပဲ သေတာ။ အိမ်တွေ ပေါက်ကွဲပျက်စီးတာ၊ ဘုန်းကြီးကျောင်းတွေ ပျက်ကုန်တာပဲ အဖတ်တင်တယ်” ဟု ကော့ကရိတ်ဒေသခံဝန်ထမ်းတစ်ဦးက MT News ၏ မေးမြန်းမှုအပေါ်  ဖြေကြားသည်။

အဆိုပါ တိုက်ပွဲတွင် နှစ်ဖက်အကျအဆုံးရှိခဲ့သကဲ့သို့ လက်ရှိတွင် ဆုတ်ခွာပြေးသည့် KNU နှင့် PDF ပူးပေါင်းအဖွဲ့များနောက်သို့ SAC က ထပ်ကြပ်မကွာ လိုက်လံပစ်ခတ်နေသဖြင့် ကျုံဒိုးနှင့် ကော့ကရိတ်အကြား တောင်/မြောက်ကြာအင်းရွာအနီးတွင် တိုက်ပွဲဆက်လက်ဆင်နွှဲနေသည်ဟု သိရသည်။

လက်ရှိတွင် ဆုတ်ခွာသွားသည့် PDF များက အကူအညီလိုအပ်နေကြောင်း တောင်းခံမှုများရှိနေပြီး Lion Battalion Commando ဗျူဟာစစ်ကြောင်းမှလည်း အဆိုပါ မြို့သိမ်းတိုက်ပွဲမှာ “ထိုးဖောက်ဝင်ရောက် မြို့ပြဗျောက်” ပွဲဦးထွက်တိုက်ပွဲဖြစ်ကြောင်း၊ ဗျူဟာမှူး ဗိုလ်အယ်စေးဝါး ဦးဆောင်ကာ မိတ်ဘက် တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ မြို့သိမ်းတိုက်ပွဲကို စတင်ဆင်နွှဲနေပြီဖြစ်ကြောင်း မြို့ပြအနီးကပ်တိုက်ပွဲဖြစ်သည့်အတွက် တိုက်ပွဲဝင်ရဲဘော်များအတွက် ကျည်ကာအပါအဝင် စစ်ရေးအထောက်အပံ့ပစ္စည်းများလည်း လိုအပ်လျှက်ရှိကြောင်း အကူအညီတောင်းခံထားသည်။ ထို့အတူ NUG ၏ မီဒီယာဖြစ်သော PVTV ကလည်း တပ်ရွေ့၊ တပ်လှုပ်၊ စစ်အင်အား မပြောရန် နှိုးဆော်နေသကဲ့သို့ ဗမာ့လူငယ်ကွန်ရက်မြေပြင်စစ်ရေးတာဝန်ခံ ဂျိုးကလည်း “လက်ရှိ ကော့ကရိတ်တိုက်ပွဲသတင်းများ မြေပြင်အခြေအနေများကို ဓာတ်ပုံသော်လည်းကောင်း ဗီဒီယိုသော်လည်းကောင်း မတင်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ရှေ့တန်းက အစ်ကိုတွေညီတွေဆရာတွေ အားလုံးဘေးကင်းဖို့ဝိုင်းကူကြပါ” ဟု မေတ္တာရပ်ခံထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *