လုယက်မှုတွင် ရွှေနှင့်စိန် ကျပ်သိန်း ၁၇၀၀၀ ဖိုးခန့်လုယက်ခံရပြီး ပစ်ခတ်မှုကြောင့် နှစ်ဦးဒဏ်ရာရ
MT News
မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းအနီးရှိ မြတ်မောင်ရွှေဆိုင်အား အမည်မသိလူသုံးဦးက သေနတ်ပစ်ဖောက်ဓားပြတိုက်မှု ယနေ့ဖြစ်ပွားခဲ့ပြီး အဆိုပါ လုယက်မှုတွင် ရွှေနှင့်စိန် ကျပ်သိန်း ၁၇၀၀၀ ဖိုးခန့် လုယက်ခံရသည့်အပြင် လုယက်သူများ၏ ပစ်ခတ်မှုကြောင့် ဆိုင်ဝန်ထမ်းနှစ်ဦးဒဏ်ရာရခဲ့ကြောင်း MT News က ကနဦး စုံစမ်းသိရသည်။
ဖြစ်စဥ်မှာ ဇွန် ၁၈ ရက် ညနေ ၄ နာရီ၂၀ ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်က္ကလာပမြို့မရဲစခန်း၏ မြောက်ဘက်၊ ၆ ဖာလုံခန့်အကွာ၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဓာဝီလမ်း၊ အမှတ်(၃၄၇) ရှိ ” မြတ်မောင် ” ရွှေဆိုင်သို့ အမည်မသိအမျိုးသားသုံးဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်ကာ သေနတ် ပစ်ဖောက်၍ ရွှေဆိုင်အတွင်းရှိ ရွှေထည်လက်ဝတ်ရတနာပစ္စည်းမျိုးစုံအား လုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုလုယက်မှုဖြစ်စဥ်တွင် ဇွန် ၁၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် အမည်မသိအမျိုးသားသုံးဦးက ဆိုင်ကယ်အနီရောင်အားစီးနင်းကာ မြတ်မောင်ရွှေဆိုင်သို့ ရောက်ရှိလာပြီး မိုးကာအင်္ကျီများဝတ်ဆင်၍ ဆိုင်ကယ်ဦးထုတ်ဆောင်းကာ Mask များတပ်ဆင်၍ မြတ်မောင် ရွှေဆိုင်အတွင်းသို့ ပစ္စတိုသေနတ်ကိုယ်စီဖြင့် ဝင်ရောက်လာပြီးနောက် ဧည့်ကြိုဝန်ထမ်းအမျိုးသား(၂)ဦးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
ထို့နောက် ဆိုင်အတွင်းဝင်ရောက်ခဲ့ပြီး အရောင်းဝန်ထမ်းများအား သေနတ်ဖြင့်ခြောက်လှန့်ပစ်ခတ်ကာ ဆိုင်အတွင်းရောင်းချလျက်ရှိသော ရွှေလက်ကောက် ၅၂၃ ကွင်း(အလေးချိန်(၃)ပိဿာ၊ (၅၀)ကျပ်သား)၊ ရွှေဆွဲကြိုး (၃၀)ကုံး(အလေးချိန် (၂၀)ကျပ်သား)၊ ရွှေ Hand Change (၆၉)ခု(အလေးချိန်(၃၀)ကျပ်သား)၊ ရွှေနားကပ်(၅)ရံ(အလေးချိန် (၈)ပဲသား)၊ ရွှေဆွဲပြား (၃၇)ခု၊ (အလေးချိန်(၉)ကျပ်၊ (၅)ပဲသား)၊ စုစုပေါင်းရွှေထည် အလေးချိန် (၄)ပိဿာ၊ (၁)ကျပ်၊ (၅)ပဲသားခန့်၊ တန်ဖိုးသိန်း(၁၁၆၀၀)ကျပ်ခန့်နှင့် စိန်ထည် (၁၂၅)ခု တန်ဖိုးသိန်း (၅၀၀၀)ကျပ်၊ စုစုပေါင်း တန်ဖိုးသိန်း(၁၆၆၀၀)ကျပ်ခန့်တို့အား ၎င်းတို့တွင်အသင့်ပါ လာသည့် အနက်ရောင်လက်ဆွဲအိတ်အကြီး(၁)လုံးဖြင့်ထည့်၍ ညနေ ၄ နာရီ ၂၀ အချိန်ခန့်တွင် ၎င်းတို့ပါလာသည့် ဆိုင်ကယ်ဖြင့် ပြန်လည် ထွက်ပြေးသွားကြောင်း သိရသည်။
လုယက်သူ(၃)ဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အခင်းဖြစ်ဆိုင်အတွင်း မှ LUGER အမျိုးအစား ၉ မမ ကျည်ခွံ(၁၁)ခုအား တွေ့ရှိရပြီး ဆိုင်ဧည့်ကြိုဝန်ထမ်းများဖြစ်သည့် ကိုအောင်အောင်တွင် ယာလက်ကောက်ဝတ်သွေးထွက်ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)နှင့် ကိုချစ်လှမိုးတွင် ယာဒူးခေါင်းသွေးထွက်ဒဏ်ရာ(၁)ချက်၊ ဝဲဒူးခေါင်းအောက် သွေးထွက်ဒဏ်ရာ(၂)ချက်(မစိုးရိမ်ရ)ဒဏ်ရာများရရှိပြီး မြောက်ဥက္ကလာပအထွေထွေရောဂါကု ဆေးရုံအရေးပေါ်ဆောင်တွင် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ထိုဓားပြတိုက်မှုဖြစ်စဥ်တွင် လုယက်သွားသူများအား အမြန်ဖမ်းဆီးရမိနိုင်ရေးအတွက် ပူးပေါင်းအဖွဲ့မှ ထွက်ပြေးရာလမ်းကြောင်းတစ်လျှောက် လိုက်လံစုံစမ်းရှာဖွေဆောင်ရွက်ခြင်း၊ အခင်းဖြစ်နေရာလမ်းကြောင်း တစ်လျောက်ရှိ CCTV မှတ်တမ်းများရယူဆောင်ရွက်ခြင်းများဆောင်ရွက်လျက်ရှိသည်ဟုသိရသည်။