၁၉. ၆. ၂၀၂၃
Written by Ye Kyaw
အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)တွင် သံရည်ကျိုလုပ်ငန်း၊ အရွယ်စုံသံမဏိပြားများ၊ ရောင်စုံအမိုးပြားနှင့် သွပ်ပြားများ ထုတ်လုပ်မှုများ ပြန်လည်ပတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဇွန်လ ၁၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)စီမံကိန်းသို့ သွားရောက်စစ်ဆေးစဥ် ပြောကြားသည်။
သံရည်ကျိုမီးဖိုအမှတ်(၂)နှင့် အရွယ်စုံသံမဏိပြားများ ထုတ်လုပ်မည့် (Phase-2)၊ ရောင်စုံအမိုးပြားနှင့် သွပ်အမိုးပြားများထုတ်လုပ်မည့် (Phase-2A)တို့ကို ပြန်လည်လည်ပတ်ရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ခဲ့သဖြင့် စီမံကိန်းလုပ်ငန်းများကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းနယ်ပယ်၊ ကုန်ကျစရိတ်၊ ပြီးစီးမည့်အချိန်နှင့် အရည်အသွေး (Work Scope, Cost, Time, Quality)တို့ကို လုပ်ငန်းစဉ်အလိုက် စီမံကိန်းစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေစဉ်အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို လျာထားချက်ပြည့်မီအောင် စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်း စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော စက်အရန်ပစ္စည်းများကိုလည်း ကြိုတင်ဝယ်ယူဖြည့်ဆည်းထားကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
လက်ရှိတွင် အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)၏ သံရည်ကျိုမီးဖိုအမှတ်(၁) ပြန်လည် လည်ပတ်နိုင်ပြီဖြစ်ပြီး သံရည်ကျိုမီးဖိုအမှတ်(၁) ဆောင်ရွက်ခဲ့စဥ်က အတွေ့အကြုံ၊ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်သုံးသပ်၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းအတွက်လည်း ကြိုတင်မျှော်တွေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သံသတ္တုရိုင်းမှ သံစိမ်းများကို ထုတ်လုပ်ပေးမည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)အား ရာနှုန်းပြည့် ပြန်လည် လည်ပတ်နိုင်ရေး ပြည်ပမှ ပညာရှင်များနှင့် ပူးပေါင်းကာ အမြန်ဆုံးဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။