၁၈. ၆. ၂၀၂၃
Written by Thettant
မန္တလေး ပြည်ကြီးတံခွန်မှာ ကျပ်သိန်း ၅၅၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၂၂ ကီလို ဖမ်းမိ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇွန်လ ၁၅ ရက် နံနက် ၉ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၃ လမ်း၊ ၁၂၆ လမ်းနဲ့ ၁၂၇ လမ်းကြားရှိတဲ့ ဝင်းကျော်စိုး(ခ)ခန့်စိုးရဲ့ နေအိမ်ကို သတင်းအရရှာဖွေရာ နေအိမ်ထဲက ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၅၀၀ တန်ဖိုးရှိ ပလတ်စတစ်ဆပ်ပြာခွက် ၂၂၀၀ ခွက်နဲ့ထည့်ထားတဲ့ ဘိန်းဖြူ ၂၂ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ နံနက် ၁၁ နာရီခွဲအချိန် မန္တလေးမြို့၊ ၄၂ လမ်းနဲ့ ၁၀၁ လမ်းကြားကဟိုတယ်မှာ ရှမ်းပြည်နယ်က သယ်ဆောင်လာတဲ့ ဘိန်းဖြူတွေကို ကချင်ပြည်နယ်ဆီ သယ်ဆောင် ရောင်းဝယ်ချိန် ပူးပေါင်းပါဝင်တဲ့ မနာဝ(ခ)ဂျူးမေကို ဆက်လက်ဖမ်းမိခဲ့လို့ သူတို့ကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေ ဆက်လက်စစ်ဆေးဖော်ထုတ်နေပါတယ်။
KNLA နဲ့ PDF က မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမမှာ မော်တော်ယာဉ်တွေ စစ်ဆေးပြီး လေးဦးဖမ်းဆီး
မွန်ပြည်နယ်၊ ရေးမြို့နဲ့ သံဖြူဇရပ်မြို့ကြား မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမ၊ အမှတ် (၈) လမ်းမကြီးပေါ်ကို ဒီနေ့ ဇွန်လ ၁၈ ရက် နံနက်ပိုင်းမှာ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က လမ်းမကြီးတစ်လျှောက် မော်တော်ယာဉ်တွေကို စစ်ဆေးပြီး ခရီးသွားလေးယောက်ကို လခရလို့ထင်မှတ်တာကြောင့် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
CDM မလုပ်တဲ့ ပခုက္ကူမြို့က အထက်တန်းပြဆရာမတစ်ဦး မိသားစုရှေ့သ-တ်ဖြတ်ခံရပြီး ရွှေ၊ ငွေနဲ့ ဆိုင်ကယ်ရောဖုန်းပါ လုယက်ခံရ
ပခုက္ကူမြို့နယ်၊ ကြီးရွာနေ အခြေခံပညာအထက်တန်းကျောင်း (စက်မှုဇုန်) က အထက်တန်းပြကျောင်းဆရာမ ဒေါ်ခင်မင်းဦးကို CDM မလုပ်တာကြောင့် PDF ခုနစ်ဦးက ပစ္စတို သေနတ်နဲ့ နှစ်ချက် ပစ်ခတ်သ-တ်ဖြတ်ပြီး ဆိုင်ကယ် ၁ စီး၊ Laptop ၁ လုံး၊ လက်ကိုင်ဖုန်း ၁ လုံး၊ ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေနားကပ် ၁ ရံ၊ ရွှေလက်စွပ် ၁ ကွင်းနဲ့ ကျပ် ၇ သိန်းခန့်ကို လုယက်ယူဆောင်သွားတယ်လို့ သိရပါတယ်။
မြန်အောင်မြို့နယ်က လောကမာရဇိန်ကျောင်းတိုက် မီးလောင်ကျွမ်းပြီး နှစ်ထပ်ကျောင်းဆောင်တစ်လုံး ဆုံးရှုံး
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ ရှားဖြူကုန်းကျေးရွာ၊ ရှားဖြူကုန်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်းက လောကမာရဇိန်ကျောင်းဆောင် ဒီနေ့မနက် ၉ နာရီ ၃၅ မိနစ်က စတင်ပြီး မီးလောင်ကျွမ်းခဲ့တာဟာ ၁၀ နာရီ ၁၅ မိနစ်အချိန်မှ မီးငြိမ်းခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် နှစ်ထပ်ကျောင်းဆောင်(သစ်သားအုတ်ညှပ်) တစ်လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။