MT News
Written by Min Mahar
ရေသွားချိုးသော ကလေးငယ်တစ်ဦး PDF အဖွဲ့များ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်ကာ ဒဏ်ရာရရှိမှု ယမန်နေ့ညနေပိုင်းက ကောလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်ရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက် ညနေ ၃ နာရီခွဲကျော်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ပိန္နဲလျှိုကျေးရွာတွင်နေထိုင်သော အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ရွာအလယ်ရှိရေကန်သို့ ရေချိုးရန်သွားရောက်စဉ်အတွင်း PDF အဖွဲ့များက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်ပြီး ၎င်းကလေးငယ်သည် ယာဘက်နံစောင်း လက်နက်ကြီးကျည်အစ ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်၊ ယာဘက်ခြေသန်းကြွယ်ကိုလည်း လက်နက်ကြီးကျည်စများထိမှန်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရွှေဘိုမြို့ပြည့်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေပြီး ရွှေဘိုပြည်သူ့ဆေးရုံကြီးမှ မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသရန်အတွက် ယနေ့ဇွန်လ ၁၈ ရက် ညနေ ၄ နာရီတွင် သိင်္ဃဂုဏ်ရည် လူမှုကူညီရေးအသင်းမော်တော်ယာဉ်ဖြင့်လိုက်ပါပို့ဆောင်ပေးခဲ့ကာ ဆေးကုသမှုဆက်လက်ခံယူနေကြောင်း သိရသည်။
“မနေ့ညနေလောက်က တူလေးက ရွာလယ်ရေကန်ကို ရေသွားချိုးရင်း လက်နက်ကြီးကျည်ထိမှန်ခဲ့တာကြောင့် ရွှေဘိုဆေးရုံကြီးကနေ အခု မန္တလေးဆေးရုံကြီးမှာ ပြောင်းလဲ ဆေးကုသနေပါတယ်။ ဒဏ်ရာကနည်းနည်းပြင်းတော့ လွှဲပြောင်းပေးလိုက်တာဖြစ်တယ်”ဟု ကျည်စများထိမှန်သည့်ကလေးငယ်၏ ဦးလေးတော်စပ်သူက ပြောသည်။