၁၉. ၆. ၂၀၂၃
Written by Min Mahar
ယမန်နေ့ညနေပိုင်းက ဘီးလင်းမြို့နယ်၊ အောင်ဆန်းမြို့သစ်ရှိ မြေယာစီမံကိန်းရုံး(ခေတ္တရုံး)လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခံရပြီးအဆောက်အဦများပျက်ဆီးသွားသည့်အပြင် မပေါက်ကွဲသေးသောလက်ပစ်ဗုံး ၃ လုံးပါတွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၈ ရက် ညနေ ၆ နာရီခွဲကျော်က မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ ရွှေကန်နောင်ရပ်ကွက်(အောင်ဆန်းမြို့သစ်) တွင်ရှိသော မြေယာစီမံကိန်း(ခေတ္တရုံး)၏ ရေကန်အနီးတွင် PDF အဖွဲ့များက လက်ပစ်ဗုံးဖြင့်လာရောက်ပစ်ပေါက်ခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြေယာစီမံကိန်းရုံးအဆောက်အဦမှာ ပျက်စီးသွားခဲ့ကာ လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
“ညနေက မြေယာရုံးဗုံးပေါက်ကွဲပြီး အဆောက်အဦပျက်စီးသွားတယ်။ အဲ့ဒါအပြင် မကွဲသေးတဲ့ဗုံးသုံးလုံးကိုပါတွေ့လို့ တပ်က သက်မဲ့ပြုလုပ်လိုက်ရတယ်လို့ကြားတယ်။ အခုပေါက်ကွဲမှုနဲ့ပါဆိုရင် ဗုံးပေါက်ကွဲတာ သုံးခါရှိပြီ”ဟုမြေယာစီမံကိန်းရုံးဝန်ထမ်းတစ်ဦးက ဆိုသည်။
အဆိုပါပေါက်ကွဲမှုသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ်အတွင်း နောက်ထပ်မပေါက်ကွဲသေးသည့်လက်ပစ်ဗုံး ၃ လုံးကိုပါ ထပ်မံတွေ့ရှိခဲ့သဖြင့် ၎င်းဗုံးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ပေးခဲ့ရကြောင်း သိရသည်။