MT News
Translated by Htwe Ko Tun
တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေး တင်းမာမှု ရှိနေဆဲဖြစ်ပေမဲ့လည်း တရုတ်သမ္မတရှီကျင့်ဖိန်က မိုက်ကရိုဆော့ဖ်တည်ထောင်သူ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ ဘီလ်ဂိတ်ကို ဇွန်လ ၁၆ ရက်မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ရှီက ဘီလ်ဂိတ်ကို ၂၀၂၃ ခုနှစ်အတွင်း ပေကျင်းမြို့မှာ ပထမဆုံးလက်ခံတွေ့ဆုံခဲ့တဲ့ အမေရိကန် သူငယ်ချင်းအဖြစ် ပြောခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာတွေက ဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးအန်တိုနီ ဘလင်ကန် ကလည်း လာမယ့်သီတင်းပတ်အကုန်မှာ တရုတ်နိုင်ငံကိုလာရောက်ဖို့ရှိတယ်လို့ သိရပါတယ်။
ရှီက ဘီလ်ဂိတ် ကို “တရုတ်-အမေရိကန်ဆက်ဆံရေးရဲ့ အခြေခံအုတ်မြစ်ဟာ နှစ်နိုင်ငံပြည်သူတွေ ဖြစ်တယ်ဆိုတာ ကျွန်တော် မကြာခဏ ပြောခဲ့တယ်။ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ အမေရိကန်ပြည်သူတွေကို အမြဲစောင့်ကြည့်နေတယ်။ နှစ်နိုင်ငံပြည်သူတွေ ချစ်ကြည်မှုကိုလည်းအမြဲမျှော်လင့်နေတယ်” လို့ ပြောခဲ့ပါတယ်။
ဘီလ်ဂိတ်ကိုတွေ့ဆုံခြင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရှီအနေနဲ့ ပြည်ပစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ပထမဆုံးတွေ့တာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၅ ခုနှစ်က နောက်ဆုံးတွေ့ခဲ့ကြတာပါ။ ၂၀၂၃ ခုနစ် အတွင်း လုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ Tesla က အီလွန်မတ်စ်၊ JP Morgan က ဂျာမီ ဒီမွန်နဲ့ Apple က တင်မ်ကွတ်တို့လည်း တရုတ်နိုင်ငံကို လာခဲ့ကြပါသေးတယ်။ သူတို့တွေကတော့ တရုတ်အဆင့်မြင့်အရာရှိကြီးတွေနဲ့ တွေ့ခဲ့ကြပေမယ့် သမ္မတရှီနဲ့တော့ တွေ့ဆုံခြင်းမရှိခဲ့ကြပါဘူး။
ဘီလ်ဂိတ်ကတော့ တရုတ်နိုင်ငံမှာထူထောင်ထားတဲ့ အမေရိကန်ပုဂ္ဂလိကဖောင်ဒေးရှင်းတစ်ခုလည်းဖြစ်တဲ့ The Bill and Melinda Gates ဖောင်ဒေးရှင်းရဲ့ပူးတွဲဥက္ကဋ္ဌပါ။ ဒီဖောင်ဒေးရှင်းက ကမ္ဘာတစ်ဝန်း ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရေး၊ ဆင်းရဲမှုလျှော့ချရေးနဲ့ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်မှုအခွင့်အလမ်းတိုးချဲ့ရေးနဲ့ အိုင်တီနည်းပညာ သင်ယူခွင့်ရရေးတို့ကို ဆောင်ရွက်နေတာလို့ဆိုပါတယ်။
Ref-BBC