MT News
Written by Nay Moe
လခရစစ်ကြောင်းကို ပျောက်ကြားတိုက်သည့် ယော PDF အဖွဲ့များမှ စစ်ကြောင်း၏ နောက်ချန်ကင်းပုန်းနှင့် တိုးကာ ပစ်ခတ်ခံရမှုကြောင့် နှစ်ဦးသေကာ တစ်ဦးဖမ်းဆီးခံခဲ့ရသည်ဟု Yaw Revolution Army (ထီးလင်း) က ဇွန် ၁၆ ရက်က ပြောသည်။
ဖြစ်စဥ်မှာ ထီးလင်းမြို့မှထွက်လာသော ခလရ(၅၀) မှအင်အား (၁၅၀)ခန့်ပါသော စစ်ကြောင်းသည် ဇွန် ၁၄ ရက်ညက အုန်းတွဲကျေးရွာသို့ဝင်ရောက်ညအိပ်လျှက် နောက်တစ်ရက်မနက်ပိုင်းတွင် ကွမ်းဇဲကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့သည်။
ထို့ကြောင့် ဂန့်ဂေါခရိုင်တပ်ရင်း (15/16/17)-YRA ထီးလင်းနှင့်မဟာမိတ် KKG ပူးပေါင်းတပ်တို့မှ စစ်ကြောင်းအား ပျောက်ကြားတိုက်ခိုက်နိုင်ရေးအတွက် နေ့လည် ၂ နာရီခွဲအချိန်ခန့်တွင် နှစ်ဖွဲ့ခွဲပြီးချဥ်းကပ်ရာ အုန်းတွဲဘုရားကုန်းအနီးအရောက်တွင် စစ်ကြောင်း၏နောက်ချန်ကင်းပုန်းများနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဗိုလ်ယောနိုင်က ပြောသည်။
ကင်းပုန်းနှင့် တိုး၍ အလစ်အငိုက်ပစ်ခတ်ခံရပြီး ပစ်အား အဆမတန်ကွာဟသည့်အတွက် YRA (ထီးလင်း)မှ တပ်သား(ဝင်းကိုနိုင်)နှင့် တပ်စုမှူး(ဝေယံလင်း) တို့ကျခဲ့ရပြီး တပ်သားပြည့်ဖြိုးအောင်(စိုးရိမ်ရ)နှင့် ပကဖတပ်ဖွဲ့ဝင်တစ်ဦး၊ တပ်သားတစ်ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကာ တပ်သားဆန်းဦး ဖမ်းဆီးခံခဲ့ရသည့်အပြင် M4 မောင်းပြန်တစ်လက်ပါ ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။