၁၇. ၆. ၂၀၂၃
Written by Nay Aung
မြန်မာအစိုးရသည် ရုရှားနိုင်ငံအနောက်ပိုင်း ကာလူဂါ ပြည်နယ် ဘိုရောဗ့်စကိုင်းဒေသတွင် အသစ်ဖွင့်လှစ်ရန် ပြင်ဆင်နေသော ဆာဖာရီပန်းခြံအတွက် ဆင် ခြောက်ကောင် ကူညီလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ရုရှားမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ရုရှားအစိုးရသည် ကာလူဂါဒေသတွင် အကျယ်အဝန်း ၂၀၀ ဟတ်တာရှိမည့် အမျိုးသားပန်းခြံတစ်ခု အသစ်တည်ထောင်ရန် စီစဉ်နေပြီး ၂၀၂၇ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။
ကာလူဂါပြည်နယ် အုပ်ချုပ်ရေးမှူး Vladislav Shapsha က ကာလူဂါပန်းခြံအတွက် မြန်မာနိုင်ငံမှ ဆင်ခြောက်ကောင်လှူဒါန်းပေးရန် စွမ်းဆောင်ပေးနိုင်ခဲ့သော ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
၎င်းက ” မြန်မာနိုင်ငံက ဆင်ခြောက်ကောင် လှူဒါန်းပေးနိုင်ဖို့ ကူညီပေးခဲ့တဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးကို ကျေးဇူးတင်လိုပါတယ်။ ဒါ့အပြင် မြန်မာဝန်ကြီးချုပ်ကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ကာလူဂါဒေသရှိ ဆာဖာရီအမျိုးသားပန်းခြံအတွက် ဆင်များကို ၂၀၂၃ ခုနှစ် မကုန်ခင် ရုရှားနိုင်ငံထံ အပြီးလွှဲပြောင်းပေးဖွယ်ရှိနေကြောင်း ရုရှားအခြေစိုက် Interfax သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါ ဆာဖာရီအမျိုးသား ပန်းခြံအတွက် ရုရှားနိုင်ငံသုံး ရူဘယ်လ် ၁၈ ဘီလျံ အကုန်အကျခံကာ ပြုလုပ်သွားမည်ဖြစ်ပြီး ပန်းခြံအတွင်း ဆင်များအပြင် ကျားများ၊ ဝက်ဝံများ၊ ဝံပုလွေများ၊ ခြင်္သေ့များ၊ သမင်၊ ဒရယ်များနှင့် ရေသတ္တဝါများထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ကာလူဂါပြည်နယ် အုပ်ချုပ်ရေးမှူး က ” မြန်မာနိုင်ငံက ဆင်ခြောက်ကောင် လွှဲပြောင်းလှူဒါန်းမှုဟာ ကြီးမားလေးနက်မှုတစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့ နိုင်ငံအတွင်း ဆင်အကောင်ရေ ၂၀ တောင် မရှိတော့ဘူး။ အဲဒီဆင်အားလုံးကို ရုရှားအစိုးရ ပိုင်ဆိုင်တာမျိုးမဟုတ်ဘူး။ နိုင်ငံခြားသားတွေ ပိုင်ဆိုင်တဲ့ဆင်တွေလည်း ရှိနေပါတယ်” ဟုပြောသည်။
ဆာဖာရီ ပန်းခြံစီမံကိန်း၏ ပထမအဆင့်ကို ၂၀၂၇ခုနှစ်တွင် အပြီးလုပ်ဆောင်မည်ဖြစ်ပြီး စီမံကိန်းဒုတိယအဆင့်ကို ၂၀၃၁ ခုနှစ်အတွင်း အပြီးသတ် ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း ကာလူဂါပြည်နယ် အုပ်ချုပ်ရေးမှူးကပြောသည်။
မြန်မာနိုင်ငံကို နစက တာဝန်ယူပြီးနောက်ပိုင်း မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာခဲ့ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် နှစ်နိုင်ငံစလုံးမှ အစိုးရအဖွဲ့တာဝန်ရှိသူများသည် အပြန်အလှန်ချစ်ကြည်ရေးခရီးသွားရောက်မှုများရှိခဲ့ကြောင်း သိရသည်။
Ref——-tourism.interfax