
MT News
ပေကျင်းမြို့ရှိ Agricultural Exhibition Center စိုက်ပျိုးရေးပြပွဲစင်တာ၌ ဇွန်လ ၁၆ ရက်မှ ၁၈ ရက်ထိ ကျင်းပသည့် (၁၈) ကြိမ်မြောက် ပေကျင်း နိုင်ငံတကာခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲ (18th Beijing International Tourism Expo) တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ ကိုယ်စားပြုခရီးသွားပြခန်း ပါဝင်ပြသနေသည်ဟု သိရသည်။
ယင်းပြပွဲတွင် ရုရှား၊ ဂျပန်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင်၊ ကျူးဘား၊ ဆီနီဂေါ၊ ဆီးရီးယား အစရှိသည့် နိုင်ငံများနှင့် ဟောင်ကောင်၊ မကာအို၊ တရုတ်-တိုင်ပေ အထူးအုပ်ချုပ်ခွင့်ရဒေသများအပါအဝင် တရုတ်နိုင်ငံတဝှမ်းရှိ ပြည်နယ်များမှ ၎င်းတို့၏ဒေသ ခရီးသွား မြှင့်တင်ရေးအတွက် ဒေသထွက်ကုန်များ၊ လေကြောင်းကုမ္ပဏီများဖြင့် ပြခန်းပေါင်း (၁၀၀) ကျော် အသီးသီး ပါဝင်ပြသခဲ့သည်။
မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ မြန်မာနိုင်ငံရှိ အထင်ကရနေရာများ၏ ဓာတ်ပုံ/ ဗီဒီယိုများ၊ လက်ကမ်းစာစောင်များ၊ မြန်မာ့လက်မှုပန်းချီကားများ၊ ယွန်းထည်ပစ္စည်းများအား ပေကျင်းမြို့၊ မြန်မာသံရုံးမှ ကြီးမှူးခင်းကျင်း ပြသခဲ့သည်။
ထို့အပြင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ၊ မြန်မာ့လက်ဖက်ရည် Royal Myanmar Tea Mix ၊ မြန်မာဘီယာ Myanmar Brewery Limited တို့မှလည်း မြန်မာအမှတ်တံဆိပ် ထွက်ကုန်ပစ္စည်းများအား မိတ်ဆက်မြည်းစမ်းစေခြင်းဖြင့် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် စည်ကားသိုက်မြိုက်စွာ ပါဝင်အားဖြည့် ပြသခဲ့ကြောင်း သိရှိရသည်။
အဆိုပါပြပွဲသို့ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ သည် တရုတ်ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr. Duan Qiang ဦးဆောင်သည့် တရုတ်နိုင်ငံ၊ ပြည်တွင်းခရီးသွားမြှင့်တင်ရေးဆိုင်ရာ ပြည်နယ်ခေါင်းဆောင်များအဖွဲ့နှင့်အတူ ပြခန်းမအား လိုက်လံလှည့်လည် ကြည့်ရှုခဲ့သည်ဟု သိရသည်။