နစကတာဝန်ရှိသူများနှင့်ပါ အပြည့်အဝပြန်လည်ဆွေးနွေးနိုင်ရန် ထိုင်းအစိုးရက အဆိုပြုကမ်းလှမ်း
MT News
ထိုင်းအစိုးရသည် နစကတာဝန်ရှိသူများနှင့် အပြည့်အဝပြန်လည်ဆွေးနွေးနိုင်ရန် အဆိုပြုကမ်းလှမ်းလိုက်ပြီး လာမည့် ဇွန်လ ၁၈ ရက်နေ့တွင်ကျင်းပမည့် မြန်မာ့အရေးအတွက် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို ပြီးခဲ့သောရက်ပိုင်းတွင် ထိုင်းအစိုးရက ဖိတ်ကြားလိုက်ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သောသတင်းရင်းမြစ်များက ထုတ်ဖော်ပြောဆိုလိုက်သည်။
နှောင့်နေးလျက်ရှိနေသော မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ်များကို ပြန်လည်စတင်နိုင်အောင် ကြိုးပမ်းမှုအဖြစ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအလွတ်သဘောတွေ့ဆုံဆွေးနွေးနိုင်ရန် ထိုင်းအစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းသည် ထိုင်းနိုင်ငံတွင်ကျင်းပရန် စီစဉ်ထားသော “မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှုများပြန်လည်ဖြစ်စေရန် ရည်ရွယ်ပြုလုပ်မည့် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ”ကို တက်ရောက်ရန်အတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို ဇွန်လ ၁၄ ရက်နေ့တွင်ဖိတ်ကြားစာပေးပို့ခဲ့ကြောင်း ယင်းဆွေးနွေးပွဲနှင့်နီးစပ်သော သတင်းရင်းမြစ်သုံးခုက ပြောဆိုထားသည်။
သို့သော် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် ထိုင်းနိုင်ငံတွင် ကျင်းပရန်စီစဉ်ထားသောမြန်မာ့အရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ဖို့ ငြင်းဆန်ထားကြောင်း အာဆီယံသံတမန်အသိုင်းအဝိုင်းနှင့်နီးစပ်သော သတင်းရင်းမြစ်သုံးခုကပြောသည်။
ထိုင်းနိုင်ငံသည် မြန်မာ့နိုင်ငံရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ပြီးခဲ့သောနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာအရေးအတွက် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ်လက်ခံကျင်းပခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော နှစ်ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော မြန်မာအရေး အလွတ် သဘောတွေ့ဆုံဆွေးနွေးပွဲကို အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဘရူနိုင်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးများတက်ရောက်ခဲ့ခြင်းမရှိဘဲ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အာဆီယံခေါင်းဆောင်များသည် မြန်မာ့နိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ရန် ကြားဝင်ဆောင်ရွက်နေပြီး ပြီးခဲ့သော ၂၀၂၁ ခုနှစ်တွင် အာဆီယံသဘောတူညီချက်ငါးချက်ကို ရယူနိုင်ခဲ့ကြောင်း သိရသည်။ နစကနှင့် အာဆီယံခေါင်းဆောင်များကြား ရရှိထားသော သဘောတူညီချက်ငါးချက်ကို အပြည့်အဝအကောင်ထည်မဖော်နိုင်ခြင်းအတွက် အာဆီယံခေါင်းဆောင်များသည် အာဆီယံ၏အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို နစကတာဝန်ရှိသူများတက်ရောက်ခွင့်ပိတ်ပင်ထားကြောင်း သိရသည်။
Ref——-reuters