October 30, 2024

AWEB ၏ ဖိတ်ကြားချက်အရ A-WEB ၏ (၅) ကြိမ်မြောက် အထွေထွေ ညီလာခံသို တက်ရောက်ရန် ထွက်ခွာသွားသည့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးတို့အား တွေ့ရစဉ်

၂၁-၁၀-၂၀၂၂

Written by Pan Ei

SAC ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား Association of World Election Bodies(A-WEB) က တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့တွင် ကျင်းပမည့် A-WEB ၏ (၅) ကြိမ်မြောက် အထွေထွေ ညီလာခံသို့ တက်ရောက်ပါရန် ဖိတ်ကြားမှုကို ရုတ်သိမ်းပေးပါရန် NUG ၏ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က A-WEB ထံသို့ စာပို့တောင်းဆိုခဲ့သည်။

အောက်တိုဘာ ၁၇ ရက်မှ အောက်တိုဘာ ၂၂ ရက်အထိ ကျင်းပမည့် A-WEB ၏ (၅) ကြိမ်မြောက် အထွေထွေညီလာခံသို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်တို့ တက်ရောက်မည်ဖြစ်သည်။ အဆိုပါ ညီလာခံသို့ တက်ရောက်ရန် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးတို့က အောက်တိုဘာ ၁၆ ရက်မှ စတင်ထွက်ခွာသွားခဲ့ပြီး လက်ရှိတွင် A-WEB ၏ ညီလာခံသို့ တက်ရောက်နေပြီဖြစ်ကာ ဒေါ်ဇင်မာအောင်ကမူ အောက်တိုဘာ ၁၉ ရက်တွင်မှ ကန့်ကွက်စာပေးပို့ခဲ့ခြင်းဖြစ်သည်။ A-WEB တွင် ယာယီအဖွဲ့လေးဦးအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၉ နိုင်ငံမှ အဖွဲ့ဝင် ၁၁၉ ဦးပါဝင်ပြီး မြန်မာနိုင်ငံမှ UEC သည်လည်း အဖွဲ့ဝင်ဖြစ်သည်။

ဒေါ်ဇင်မာအောင်၏ တောင်းဆိုစာတွင် မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုများရှိခဲ့သည်ဟုဆိုကာ တပ်က အာဏာသိမ်းခဲ့ကြောင်း ထိုလုပ်ရပ်အပေါ်  ဆန့်ကျင်မှုများရှိကြောင်း ၊ ထို့နောက် သမ္မတ(ဟောင်း) ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်(ဟောင်း) ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်တန်း အစိုးရခေါင်းဆောင်များ၊ ၂၀၂၀ ရွေးကောက်ပွဲတွင်ပါဝင်ခဲ့သော ရွေးကောက်ခံ လွှတ်တော်အမတ်များ၊ NLD ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများ၊ ပြည်သူများအား ဖမ်းဆီးခဲ့ကြောင်း၊ NLD ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကိုလည်း ဖမ်းဆီးခဲ့ကြောင်း ထိုလုပ်ရပ်များကို လက်မခံသည့် ပြည်သူများက ဆန္ဒပြမှုနေ့စဉ်နီးပါးပြုလုပ်ခဲ့ကြောင်း၊ လက်ရှိတွင် SAC ၏ လုပ်ဆောင်ချက်များအပေါ် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးယန္တရားက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ ၇၆ ကြိမ်မြောက်နှင့် ၇၇ ကြိမ်မြောက်အထွေထွေညီလာခံတွင် ကုလသမဂ္ဂအထွေထွေညီလာခံသည် SAC တာဝန်ပေးသူကို မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် လက်ခံခြင်း မရှိသေးကြောင်း ဖော်ပြခဲ့သည်။

ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်းမြင်သာမှုနှင့် ပူးပေါင်းပါဝင်နိုင်သော ရွေးကောက်ပွဲများကို ထိထိရောက်ရောက် ဖြန့်ကျက်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားသည့် A-WEB အနေဖြင့် SACကိုယ်စားလှယ်များကို ဖိတ်ခေါ်လက်ခံခြင်းမှာ A-WEB သွားနေသည့် လမ်းကြောင်းကို ပျက်ရယ်ပြုသဖွယ် ဖြစ်နေသဖြင့် A-WEB အဖွဲ့အစည်းနှင့် ညီလာခံတွင်ပါဝင်ရန် SAC ၏ UEC အား အခွင့်အရေးပေးအပ်ခြင်းကို ချက်ချင်းရုတ်သိမ်းပေးရန် A-WEB အား တောင်းဆိုကြောင်း ဖော်ပြခဲ့သည်။

A-WEB ၏ ညီလာခံသည် အောက်တိုဘာ ၂၂ ရက် (မနက်ဖြန်) တွင် ပြီးဆုံးမည်ဖြစ်ပြီး SAC ကမူ UEC အား A-WEB က ထိုသို့ ဖိတ်ကြားလာမှုကို တက်ရောက်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း နည်းပညာဖလှယ်၍ ဆောင်ရွက်နိုင်ခြင်းနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု ရရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဟု မျှော်လင့်ထားကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *