၁၇. ၆. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံအတွင်း လျှပ်စစ်ကားရောင်းချရမှုက တစ်ဟုန်ထိုး တိုးတက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၏ ပထမ ငါးလအတွင်း လျှပ်စစ်ကား ၃၂,၀၀၀ ကျော် ရောင်းချခဲ့ရပြီး ၂၀၂၃ ခုနှစ်၏ ဇန်နဝါရီလမှ မေလအတွင်း လျှပ်စစ်ကားများမှတ်ပုံတင်မှုက နိုင်ငံအတွင်း၌ ၃၂,၄၅၀ စီးအထိရှိခဲ့ရာ ယခင်နှစ် အလားတူ ကာလနှင့်နှိုင်းယှဉ်လျှင် ၄၇၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအစိုးရ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စက် ဆီရီရတ်က ဇွန်လ ၁၆ ရက်က ပြောခဲ့သည်။
ထိုင်းအစိုးရ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနတို့ကလည်း လျှပ်စစ်ကားပိုင်ရှင်များကို လမ်းအခွန်ကောက်ခံမှုအား လျှော့ချပေးလျက်ရှိရာ လျှပ်စစ်အားဖြင့် အပြည့်အဝ မောင်းနှင်ရသော ကားများအတွက် လမ်းခွန် ၈၀ ရာခိုင်နှုန်းလျှော့ချမှုကို တစ်နှစ်ကြာပေးခြင်းဖြင့် လျှပ်စစ်ကားသုံးစွဲမှုအား မက်လုံးပေးလျက်ရှိသည်။
ထို့ပြင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်အထိ ကုန်းလမ်း ပို့ဆောင်ရေးဦးစီးဌာနတွင် မှတ်ပုံတင်သည့် လျှပ်စစ်ကားများက အခွန်လျှော့ချမှု အကျိုးကျေးဇူးကိုလည်း ခံစားကြရမည်ဖြစ်သည်။ လျှပ်စစ်မော်တော်ဆိုင်ကယ်စီးနင်းသူများကိုလည်း အလားတူပင် အခွန် လျှော့ချပေးနေကြောင်း သိရသည်။
လေ့လာချက်တစ်ခုကလည်း ယခုအခါ မော်တော်ကားဝယ်ယူလိုသူ ထိုင်းနိုင်ငံသားများအနက် ၃၁ ရာခိုင်နှုန်းက လျှပ်စစ်ကားများကို ရွေးချယ်ဝယ်ယူရန် စဉ်းစားလျက်ရှိကြရာ အရှေ့တောင်အာရှနိုင်ငံများအနက် အမြင့်မားဆုံးအချိုးဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။
ထို့ပြင် လောင်စာဆီအတွက် ကုန်ကျစရိတ်သက်သာမှုကလည်း ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားများ ဦးစားပေးဝယ်ယူလာကြမှု၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း လေ့လာချက်က ဖော်ပြခဲ့သည်။
နိုင်ငံအတွင်း တိုးတက်လာနေသော လျှပ်စစ်ကားများကြောင့် ထိုင်းအစိုးရက နိုင်ငံတစ်ဝန်း လျှပ်စစ်ကား အားသွင်းစခန်း ၁၂,၀၀၀ အထိ တိုးချဲ့တည်ဆောက်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။
Ref—– Bangkok Post