October 30, 2024

KNU/KNLAက မြို့တွင်းနေအိမ်များ အမှီပြုတိုက်ခိုက်နေမှုကို တွေ့ရစဥ် (Photo- Linn Nay)

၂၁-၁၀- ၂၀၂၂

Written by Nay Moe

KNU/KNLA နှင့် PDF များက မြို့သိမ်းတိုက်ပွဲဆင်နွှဲသည်ဟုဆိုကာ မြို့တွင်းမှ အကာအကွယ်ယူတိုက်ခိုက်နေသဖြင့် ယနေ့ ကော့ကရိတ်တွင် မြို့တွင်းတိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

“KNU/KNLA နဲ့ PDF တွေက မြို့တွင်းမှာ အကာအကွယ်ယူပြီး ပစ်ခတ်နေတော့ တပ်ဘက်ကလည်း လေကြောင်းကနေပါ ကော့ကရိတ်ပတ်လည်ကို ပစ်နေတာ။ အခုတော့ အိမ်အောက်မှာ ပုန်းနေရတယ်” ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

ကြားသိရသော သတင်းများအရ KNU နှင့် PDF များက ယနေ့မှစတင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲသည်ဟုဆိုကာ ကော့ကရိတ်ဝန်ထမ်းအိမ်ရာဘက်မှ အရပ်သားပြည်သူဝန်ထမ်းများကို အကာအကွယ်ယူကာ ပစ်ခတ်နေသည်ဟုလည်း သိရသည်။ ကော့ကရိတ်တွင် စစ်ရေးအရှိန်မြင့်တက်မှုမှာ အောက်တိုဘာ ၂၀ ကတည်းက ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ခမရ- ၂၃၀ အား KNU နှင့် PDF များက လာရောက်တိုက်ခိုက်ခြင်း၊ ရေပူတံတားအား ဖောက်ခွဲရန် ပြင်ဆင်နေသည်ကို တပ်က နှိမ်နင်းခဲ့ခြင်းစသည့် အခြေအနေများဖြစ်ပွားပြီးနောက် အောက်တိုဘာ ၂၁ ရက်တွင် မြို့သိမ်းတိုက်ပွဲပါ ဆင်နွှဲလာခြင်းဖြစ်ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၆ နယ်မြေအတွင်းရှိပြီး တပ်နှင့် တိုက်ပွဲများဖြစ်နေသော KNU တပ်များ၊ PDF တပ်များ လှုပ်ရှားနေသော ဒေသဖြစ်ကာ ပြီးခဲ့သည့် ဩဂုတ်လကလည်း မြို့သိမ်းတိုက်ပွဲဆင်နွှဲသည်ဟုဆိုကာ ဌာနဆိုင်ရာဝန်ထမ်းများအား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဝန်ထမ်းအချို့ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *