၁၇. ၆. ၂၀၂၃
Written by Pan Ei
ကမ္ဘာအနှံ့က ဒေသတစ်ခုစီမှာ ရိုးရာမင်္ဂလာပွဲ ဓလေ့ထုံးစံတွေ ရှိတတ်ကြပြီး နေရာဒေသမရွေးက မိဘတိုင်းကတော့ သူတို့ရဲ့သမီးတွေကို ဂုဏ်သိက္ခာရှိစွာနဲ့ မင်္ဂလာပွဲကျင်းပစေလိုကြတာချည်းပါ။
တရုတ်နိုင်ငံ၊ ဇန်တောင်းပြည်နယ်မှာ သတို့သားက သတို့သမီးအိမ်ကို လာရောက်တောင်းရမ်းတဲ့ မင်္ဂလာနေ့မှာ မော်ဒယ်မြင့် မာစီးဒီးဇိမ်ခံကား၊ ထရပ်ကားကြီးနဲ့အတူ လာရောက်ခဲ့ပေမဲ့ မင်္ဂလာဆောင်လက်ဆောင်အနေနဲ့တော့ အသင့်စား ခေါက်ဆွဲခြောက် လေးဖာသာ ပါလာတာကြောင့် သတို့သမီးရဲ့ မိဘတွေက သတို့သားရဲ့လက်ဆောင်ဟာ သူတို့ကို စော်ကားတယ်လို့ ခံစားရပြီး လက်ထပ်ခွင့်မပြုတော့ကြောင်း ငြင်းဆိုခဲ့ကာ မင်္ဂလာပွဲပျက်ခဲ့ရတယ်ဆိုတဲ့ သတင်းဟာ တရုတ်ဆိုရှယ်မီဒီယာ Weibo မှာ လူပြောများနေခဲ့ပါတယ်။
အောင်သွယ်ကနေ တစ်ဆင့် စတင်ဆုံစည်းခဲ့ကြတဲ့ သတို့သမီးနဲ့ သတို့သားတို့ဟာ မင်္ဂလာပွဲ ဓလေ့ထုံးစံတူညီတဲ့ တစ်ရွာတည်းသားတွေ ဖြစ်ကြပြီး မိသားစုချင်း အရင်က မင်္ဂလာပွဲကိစ္စတွေ ဆွေးနွေးခဲ့ကြရာ သတိုသမီးရဲ့ မိဘတွေက ကြီးကြီးမားမားလက်ဆောင်တွေ မတောင်းခဲ့ဘဲ သူတို့ရဲ့သမီးလေး ပျော်ရွှင်စေဖို့နဲ့ သတို့သားမိသားစုက ကောင်းကောင်းကောင်းမွန်မွန် ဆက်ဆံစေလိုကြောင်းသာ သူတို့ရဲ့သဘောထားကို ပြောပြခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ မင်္ဂလာဆောင်နေ့မှာတော့ ဇိမ်ခံကားတွေ ထရပ်ကားတွေနဲ့ လာတဲ့ သတို့သားကို သတို့သမီးမိသားစုအတွက် ရွှေခန်းဝင်ပစ္စည်းလက်ဆောင်တွေ သယ်ဆောင်လာတယ်လို့ လူတိုင်းက ယူဆခဲ့ကြပေမဲ့ ထရပ်ကားပေါ်မှာ အသင့်စားခေါက်ဆွဲခြောက်သေတ္တာလေးပုံးသာ ပါရှိတာကြောင့် သတို့သမီးမိဘတွေအနေနဲ့ ထိတ်လန့်သွားခဲ့ရပြီး သူတို့ကို မလေးစားသလို ခံစားခဲ့ရတယ်လို့ ပြောကြားခဲ့ကာ သတို့သားနဲ့ သမီးကို လက်ထပ်ခွင့်မပေးတော့ဘဲ သတို့သားမိသားစုကိုပါ အိမ်က ထွက်သွားခိုင်းခဲ့တာပါ။
အဲ့ဒီနောက်မှာတော့ မိသားစုနှစ်စုကြားမှာ အပြင်းအထန်ငြင်းခုံမှုတွေ ဖြစ်ပွားခဲ့ပြီး မင်္ဂလာပွဲကို ပိုမိုစိတ်လှုပ်ရှားစရာနဲ့ ပျော်စရာကောင်းအောင် ပြုလုပ်လို့ခြင်းသာဖြစ်တယ်လို့ သတို့သားက ရှင်းပြပေးခဲ့ပါတယ်။
နောက်ဆုံးမှာတော့ အဆိုပါ စုံတွဲက လက်ထပ်လိုက်ခြင်း ရှိ၊ မရှိကိုတော့ မသိရှိရသေးဘဲ အဆိုပါ ဖြစ်စဉ်အပေါ် အင်တာနက်အသုံးပြုသူတွေက သတို့သားရဲ့ ဆုံးဖြတ်နိုင်စွမ်းနဲ့ သတို့သားရဲ့ မိဘတွေနဲ့ သက်ကြီးရွယ်အိုတွေဆီကလည်း လမ်းညွှန်မှုတွေ မရှိခဲ့ဘူးလားဆိုတဲ့အပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။
အခုလို မမျှော်လင့်ထားတဲ့ဖြစ်ရပ်ကြောင့် အဆိုပါစုံတွဲရဲ့အရေးပါတဲ့ အခိုက်အတန့်လေးမှာ အမဲစက်တစ်ခုဖြစ်ခဲ့ရပြီး မင်္ဂလာအခမ်းအနားတွေမှာ ယဉ်ကျေးမှု၊ နားလည်မှုနဲ့ လေးစားမှုတို့က အရေးကြီးတယ်ဆိုတာကို မီးမောင်းထိုးပြခဲ့ပါတယ်။
Ref; Thaiger