၁၇. ၆. ၂၀၂၃
Written by Hey Mar
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မြို့ရှောင်လမ်း လက်ပံရိုးအတက်တွင် ဘိလပ်မြေအိတ်တင်လာသော FAW ကားနှင့် ဆိုင်ကယ်တို့ မျက်နာချင်းဆိုင်တိုက်မှု ယနေ့ ဇွန်လ ၁၇ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း မကွေးအခြေစိုက်ပရဟိတအသင်းတာဝန်ရှိသူမှ MT News သို့ ပြောသည်။
ဖြစ်စဉ်မှာ မကွေးကုန်တင်ကားကြီးကွင်းဘက်မှ မကွေးမြို့ထဲသို့ မောင်းနှင်လာသော ဘိလပ်မြေသယ်ဆောင်လာသည့် FAW ကားနှင့် တစ်ဖက်လမ်းကြောမှ ဆိုင်ကယ်စီးနင်းလာသူ လူငယ်နှစ်ဦး ကုန်းတက်ကုန်းဆင်းရှိသော ကွေ့ကြောတွင် မျက်နှာချင်းတိုင်တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်လာသူ လူငယ်နှစ်ဦး ခြေလက်ကျိုး ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ်စီးလာတဲ့ ကလေးနှစ်ယောက်က မောင်းတာက ၁၇ နှစ်။ နောက်ကလိုက်စီးတဲ့ ကလေးက ၁၃ နှစ်။ ဒဏ်ရာက ခေါင်းတွေဘာတွေတော့ ထိမသွားတာ ကံကောင်းတယ်။ ခြေကျိုး ၊ လက်ကျိုးတော့ ဖြစ်သွားတာပေါ့။ စီးလာတဲ့ ဆိုင်ကယ်လည်း ရစရာမရှိအောင် ပျက်စီးသွားတယ်။ FAW ကားက ကုန်းအဆင်းကို လမ်းမှန်အတိုင်းလာတာ ညာဘက်ယာဉ်ကြောကနေ။ ကလေးတွေဆိုင်ကယ်က ကုန်းတက်ကို အရှိန်နဲ့တက်တာမှာ တစ်ဖက်လမ်းကြောရောက်ပြီး မျက်နှာချင်းဆိုင်တိုက်ကြတာ “ ဟု ပရဟိတအသင်းတာဝန်ရှိသူက ဖြစ်စဥ်ကို MT News သို့ ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ညာဘက်ပေါင် ပွင့်ထွက်ဒဏ်ရာရ လူနာအမျိုးသားတစ်ဦးနှင့် ဘယ်လက်ကျိုး ဘယ်ရင်အုံအောက် ပြတ်ရှအမျိုးသားလူနာတစ်ဦးတို့အား မြေပြင်ဆေးကုသမှုပြုစုပေးပြီး မကွေးတိုင်းပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှတစ်ဆင့် ခွဲစိတ်ဆောင်သို့ ပရဟိတအသင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – မကွေး လူမှုကူညီကယ်ဆယ်ရေးအသင်း