၁၇. ၆. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်အနီး ကျူးကျော်ရပ်ကွက်တွင်၊ ယမန်နေ့ ဇွန်လ ၁၆ ရက် ညနေ ၃ နာရီဝန်းကျင်ကတည်းက ရေနစ်ပျောက်ဆုံးခဲ့သည့် ကလေးငယ်အား ယနေ့ ဇွန်လ ၁၇ ရက် မွန်းလွဲပိုင်းတွင် သေဆုံးလျှက် ပြန်လည်ဆယ်ယူရရှိခဲ့ပြီဖြစ်ကြောင်း သွားရောက်ကူညီရှာဖွေခဲ့သည့် ပရဟိတ အသင်းတချို့ထံမှ သိရသည်။
ရေနစ်သေဆုံးသည့် ကလေးငယ်မှာ အသက် ၁၁ အရွယ်ရှိ ယောကျာ်းလေးတစ်ဦးဖြစ်ပြီး ရွယ်တူသူငယ်ချင်းများနှင့် ရေဆင်းကူးပြီးနောက် သူငယ်ချင်းများပြန်သွားသော်လည်း ထပ်မံ၍ တစ်ယောက်ထဲဆင်းကူးရာမှ ရေနစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီည ၉ နာရီလောက်က ဖုန်းတစ်လုံးဝင်လာတယ်။ ဆရာ။ ကလေး တစ်ယောက်ပျောက်နေလို့တဲ့။ ပျောက်တဲ့ကလေးရဲ့ ဖိနပ်နဲ့ အင်္ကျီကို ရေကန်တစ်ခုရဲ့ဘောင်ပေါ်မှာ တွေ့တယ်တဲ့။ ရေသေလား ရေရှင်လားလို့ မေးကြည့်တော့ ရေသေကန်ပါတဲ့။ ပျောက်တာ ဘယ်အချိန်ကလဲ မေးကြည့်တော့ ညနေ ၃ နာရီကပါ။ သိတာက ညနေ ၅ နာရီကျော်မှသိတာ။ ရပ်ရွာကလည်း ဆင်းရှာပြီးပါပြီ မတွေ့လို့တဲ့။ ဒါနဲ့ပဲ ကျွန်တော်လည်း မြောက်ဒဂုံထဲမှာရှိတဲ့ ပရဟိတအဖွဲ့တွေကို အကြောင်းကြားတော့ အားလုံးရောက်လာတယ်။ ရေနစ်တဲ့သူတွေဆို ရေငုပ်ရှာဖွေပေးနေတဲ့ Diving Team က ကိုဟိန်းရာဇာ (ဆရာသားငယ်) ကို ဖုန်းဆက်တိုင်ပင်တော့ အရမ်းမိုးချုပ်နေပြီဆရာ။ ရေနစ်တာလည်းကြာပြီဆိုတော့ မနက်မှ လင်းလင်းရှင်းရှင်း ရှာရင်ရမလားတဲ့။ ဒါပေမယ့် ကျွန်တော်တို့ လာကြည့်ပါအုံးမယ်ဆိုပြီး ညက ကြည့်ကြသေးတယ်။ ဖြစ်စဥ်နေရာရောက်တော့ ဘယ်လိုမှ သည်ည အမှောင်ထဲ မဖြစ်နိုင်တာနဲ့ မနက်လင်းမှ ဆင်းရှာတာ အခု အလောင်းပြန်တွေ့ပါပြီ”ဟု ဝန်းရံမှူး လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။
ရေကန်က ဘက်ဟိုးဖြင့် ကုတ်ထားသည့် ကန်မျိုးဖြစ်ပြီး သေဆုံးသည့် ကလေးငယ်မှာ ယခုရေနစ်သည့် ကန်သို့ မလာခင်အချိန်ကလည်း ရပ်ကွက်အတွင်းမှ အခြားတစ်နေရာရှိ ကန်တွင် သူငယ်ချင်းများနှင့် ရေကူးကစားခဲ့သေးကြောင်းလည်း သိရသည်။ ထို့ကြောင့် ရပ်ကွက်ကသူများမှ အခြားရေကန်အတွင်း နှံ့စပ်အောင် ရှာဖွေကြသော်လည်း မတွေ့ရှိခဲ့ဘဲ အချိန်ကုန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကလေးငယ်၏ မိဘများမှာ ၄၈ ရပ်ကွက်အတွင်းက ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြပြီး မြန်မာ့ရိုးရာ ယုံကြည်မှူအစဥ်အလာအရ ရေနစ်ရာတွင် ရှာတွေ့ရန် ပေးရမည့်ပွဲဖိုးကိုပင် မတတ်နိုင်ကြသည့်အတွက် ပရဟိတ အသင်းများမှ စိုက်ထုတ်ကူညီခဲ့ရပြီး အသုဘကူငွေကိုပါ လာကြည့်နေသည့် ရပ်ကွက်အတွင်းရှိသူများက ပြန်လည်ကူညီပေးခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ – ဝန်းရံမှူးလူမှုကူညီရေးအသင်း