၁၇. ၆. ၂၀၂၃
Written by Pan Ei
အိန္ဒိယနိုင်ငံက အသက် ၁၆ နှစ်အရွယ် ကောလိပ်ကျောင်းသူတစ်ဦးဟာ သူမတက်ရောက်နေတဲ့ ကောလိပ်ရဲ့ ခန်းမဆောင်မှာ ၁၂၇ နာရီကြာ ဆက်တိုက်ကခုန်ခဲ့ပြီး တစ်ဦးချင်း အချိန်အကြာဆုံး ကသူအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ပါတယ်။
ငါးရက်ဆက်တိုက် ကခုန်ပြီး ဂင်းနစ်စံချိန်တင်ခဲ့တဲ့ Srushti Sudhir Jagtap ဆိုသူ အိန္ဒိယနိုင်ငံက ကောလိပ်ကျောင်းသူလေး စံချိန်တင်ဖို့ ကြိုးပမ်းနေစဉ်အတွင်း ကောလိပ်ခန်းမထဲမှာ အားပေးသူတွေနဲ့ ပြည့်နေခဲ့ပြီး သူမဟာ တစ်နာရီကို ငါးမိနစ်သာ အနားယူခွင့် ရရှိခဲ့ကာ ဆက်တိုက်ဆိုသလိုပဲ ကနေခဲ့တာပါ။
“သူမအရမ်းပင်ပန်းနေတဲ့ အချိန်တွေရှိခဲ့ပေမဲ့ သူ့မိဘတွေက သူမအနားမှာအမြဲရှိနေခဲ့ပြီး သူမလန်းဆန်းနေအောင် မျက်နှာကို ရေနဲ့ဖြန်းပေးခဲ့ပါတယ်။ သူမက အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေကိုပြသခဲ့တာပါပဲ” လို့ ဂင်းနစ်မှတ်တမ်းအဖွဲ့ တာဝန်ရှိသူ Swapnil Dangarikar က ပြောပါတယ်။
“အိန္ဒိယယဉ်ကျေးမှုကို မြှင့်တင်ချင်လို့” ဆိုတဲ့စိတ်နဲ့ ဂင်းနစ်စံချိန်တင်ဖို့ ကြိုးပမ်းခဲ့တာပါဆိုတဲ့ သူမဟာ အိန္ဒိယဂန္တဝင်အက အဓိကပုံစံရှစ်မျိုးထဲက တစ်ခုဖြစ်တဲ့ Kathak စတိုင်နဲ့ ကဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
၁၂၇ နာရီကြာ ဆက်တိုက်ကခုန်ပြီးတဲ့ နောက်နေ့မှာတော့ သူမဟာ တစ်နေကုန် အိပ်နေခဲ့တယ်လို့ သိရပြီး သူမချိုးဖျက်ခဲ့တဲ့ အရင်စံချိန်ဟောင်းကတော့ ၂၀၁၈ ခုနှစ်မှာ နီပေါနိုင်ငံက အကသမား Bandana Nepal က တစ်ဦးတည်း ၁၂၆ နာရီကြာ ကခဲ့တဲ့ စံချိန်ပဲ ဖြစ်ပါတယ်။
Ref; UPI News