၁၇. ၆. ၂၀၂၃
Written by Nyein Kyaw
ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့၊ မြို့ရှောင်လမ်းတွင် ဦးခေါင်းပြတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဇွန်လ ၁၇ ရက် နံနက်ပိုင်းတွင် မြင်းမူမြို့၊ မြို့ရှောင်လမ်း (အနောက်လမ်းဆုံအနီး)တွင် ဦးခေါင်းပြတ်ဒဏ်ရာဖြင့် Dead Body အလောင်းတစ်လောင်းအား လာရောက်သယ်ယူရန် အကူအညီတောင်းခံလာ၍ မြတ်သုခကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းမှ နံနက် ၈ နာရီ ၁၅ မိနစ်တွင် သွားရောက်ကူညီပေးခဲ့ပြီး နံနက် ၉ နာရီ ၁၅ မိနစ်တွင် မြင်းမူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့မိသားစုက ကျွန်တော်တို့အသင်းကို အကြောင်းကြားတယ်။ အခြားသူတွေကလည်း အကြောင်းကြားလာနဲ့ အလောင်းသွားကောက်ပေးခဲ့တာပေါ့။ အသက်က ၃၀ ကျော်ပေါ့။ မိသားစုအခြေအနေကတော့ အခြားဘာမှမကြားခဲ့ရဘူး။ အခင်းဖြစ်တဲ့နေရာကနေပြီးတော့ မြင်းမူဆေးရုံကို လွှဲပေးပြီးတော့။ ပြီးတော့မှ နေအိမ်ကို သယ်ခိုင်းလို့ နေအိမ်ကိုပို့ပေးခဲ့တာပေါ့။ ဘာကြောင့်ဒီလိုဖြစ်တာရယ်။ ရန်ငြိုးရန်စတွေဘာတွေရှိတယ် ဘာညာကိုတော့ ကျွန်တော်တို့မသိဘူးခင်ဗျ” ဟု မြတ်သုခကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။
ဦးခေါင်းပြတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည့် အမျိုးသားမှာ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။