၁၇. ၆. ၂၀၂၃
Written by Nay Moe
ကလေးမြို့နယ်တွင် ကုန်စုံဆိုင်ကအစ အခွန်ကောက်ခံမည်ဖြစ်ပြီး အခွန်ရှောင်ပါက အရေးယူမည်ဟု NUG ၏ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။
ကလေးပကဖ အနေဖြင့် လူထုအား ဝန်ဆောင်မှုပေးနိုင်ရန်နှင့် NUG ၏ မြို့နယ်အဆင့်အစိုးရယန္တရားလည်ပတ်နိုင်ရန် လုပ်ငန်းရှင်ကြီးများအား အဓိကထားသည့် အခွန်စနစ် လည်ပတ်ဆောင်ရွက်နေပြီး ကလေးမြို့ပေါ်/ ကလေးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် ကလေးပကဖ အဖွဲ့သို့ အခွန်ထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ဆိုသည်။
ကလေးပကဖအနေဖြင့် မေ၂၆ ရက်နေ့မှစ၍ (၁၀) ရက်ကို ပညာပေးကာလ သတ်မှတ်ခဲ့ပြီး ဇွန် ၄ ရက်တွင် အခွန်ကောက်မည့်အမျိုးအမည်များ ထုတ်ပြန်ထားကာ ထိုစာရင်းတွင် ယစ်မျိုးခွန်၊ ရေနံ၊ ဓာတ်ဆီ၊ ဒီဇယ်၊ လိုင်းကား၊ ကုန်စုံဆိုင်များ ပါဝင်ပြီး အခွန်ရှောင်သည့် လုပ်ငန်းရှင်များ၏ ပစ္စည်းများအား NUG ထိန်းချုပ်မှုအောက်ရှိ မြို့နယ်ပကဖအချင်းချင်းချိတ်ဆက်၍ ဥပဒေနှင့်အညီအရေးယူမည်ဟုလည်း ကလေးပကဖက အသိပေးထားသည်။