◾️တစ်ခေတ်တစ်ခါက နာမည်ကျော်လူကြိုက်များခဲ့တဲ့ “ဝင်္ဂဒီပနီယောက်ျား” သီချင်းကို ချယ်ရီသင်း ပြန်လည်သီဆို
၁၇. ၆. ၂၀၂၃
Written By Thandar
ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ တေးသံရှင် ချယ်ရီသင်းကတော့ တေးရေးဆရာကိုလေးလွင်ရဲ့ တစ်ခေတ်တစ်ခါက နာမည်ကျော်လူကြိုက်များခဲ့တဲ့ “ဝင်္ဂဒီပနီယောက်ျား” သီချင်းကို ကြိုက်နှစ်သက်တဲ့အတွက် ပြန်လည်သီဆိုခဲ့တယ်လို့ ပြောပါတယ်။
“တိုက်တိုက်ဆိုင်ဆိုင် Burma Club ကနေ စီစဉ်ပေးတဲ့အချိန်မှာ ချယ်ကလည်း အရင်ကတည်းက ဒီသီချင်းလေးကို အရမ်းကြိုက်တယ်။ ဆရာကိုလေးလွင် ရေးထားပြီးတော့ အရင်အဆိုတော်ကြီးတွေ ဆိုကတည်းကိုက တအားကို ချစ်ဖို့ကောင်းတဲ့ သီချင်းလေးဖြစ်တဲ့အတွက် ဆိုဖြစ်တာပါ။ ယောက်ျားလေးတွေကို ပြောထားတဲ့ သီချင်းလေး ဆိုပေမယ့် ချယ်ကယောကျ်ားတွေကို မမုန်းပါဘူး။ ဒီသီချင်းကို ထွက်တော့ ပရိသတ်တွေက နင်က ယောက်ျားမယူဖူးဘဲနဲ့ ဘာလို့ယောက်ျားတွေကို မကောင်းကြောင်း ဆိုထားတာလည်း ပြောကြတယ်။ အမှန်တော့ ယောက်ျားတွေကိုလည်း မမုန်းသလို အချစ်ကိုလည်း ဘယ်တော့မှ စိတ်မကုန်ခဲ့ပါဘူး”လို့ အဆိုတော် ချယ်ရီသင်းက ပြောပါတယ်။
ဝင်္ဂဒီပနီယောက်ျားသီချင်းကို Burma Club Whisky နဲ့ ပြန်ဆိုတေးသီချင်းပြိုင်ပွဲအတွက် သီဆိုပေးခဲ့တာဖြစ်ပြီး Vocal Color ကို အရင်ခေတ်ပုံစံအတိုင်း ပြန်လည်သီဆိုထားတာဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ ဇွန် ၆ ရက်က သူမရဲ့ Facebook နဲ့ YouTube မှာ တင်ခဲ့တာလည်း ဖြစ်ပါတယ်။
အရင်က နာမည်ကျော်အောင်မြင်ပြီး လူကြိုက်များခဲ့တဲ့ တေးသီချင်းတွေကို ပြန်ဆိုတေးအဖြစ် သီဆိုရာမှာ ကိုယ်ပိုင်သီချင်း သီဆိုရတာထက် ပိုတာဝန်ကြီးခဲ့တယ်လို့လည်း ဆိုပါတယ်။
“ချယ် ပြန်ဆိုတေးတွေက ထပ်လုပ်ဖို့ မရှိတော့ဘူး။ ဝင်္ဂဒီပနီယောက်ျား သီချင်းတင်မဟုတ်ဘူး မြန်မာသီချင်း ပြန်ဆိုတေး တော်တော်များများက ကမ်းလှမ်းလို့ ဆိုခဲ့တာများတယ်။ စွဲနေပြီတုန်းကဆိုရင်လည်း လူကြီးတွေကပဲ Album ထဲမှာ ပါဝင်ဖို့ ကမ်းလှမ်းခဲ့တာပါ။ ဒီသီချင်းဆိုလည်း ဒီလိုပဲပေါ့။ ကိုယ်ကြိုက်တဲ့သီချင်းတွေလည်း ရှိပါတယ်။ အရမ်းတော့ ဆိုဖို့ စဉ်းစားခဲ့ရတယ်။ ကိုယ်ပိုင်တေးသီချင်းနဲ့ ပြန်ဆိုတေးကျတော့လည်း တာဝန်ယူမှု တာဝန်ခံမှုတွေက မတူဘူး။ ပိုပြီးတာဝန်ကြီးပါတယ်။ ပြန်ဆိုတေးနဲ့ ကိုယ်ပိုင်သီချင်းပေါက်တဲ့ ပုံစံကလည်း မတူဘူး။ ပရိသတ် လက်ခံရတာခြင်းလည်း မတူဘူး။ ကိုယ်ပိုင်သီချင်းနဲ့ သီချင်းပေါက်သွားတာက ပိုကောင်းတယ်။ ပြန်ဆိုတေးက တာဝန်ကြီးတဲ့အတွက် ကြောက်တယ်”လို့ သူမက ဆက်ပြောပါတယ်။
အဆိုတော် ချယ်ရီသင်းဟာ သူမရဲ့ မောင်ဖြစ်သူနဲ့ အတူတွဲဖက်သီဆိုထားတဲ့ “တရုတ်တေးသီချင်း” ပုံစံသီချင်း တစ်ပုဒ်ကိုလည်း မကြာမီကာလအတွင်း ပရိသတ်တွေ ထပ်မံမြင်တွေ့ရမှာဖြစ်တယ်လို့ သိရပါတယ်။