◾️ မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါး တရားမဝင်ခိုးသွင်းရောင်းဝယ်သူများ လှုပ်ရှားနေပြီး မူးယစ်ဆေးသယ်လာသူများ မြန်မာဘက်သို့ ထွက်ပြေးလွတ်မြောက်
၁၇. ၆. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ပြည်နယ်အတွင်း မယ်အေးခရိုင်၌ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးတရားမဝင်ခိုးသွင်းရောင်းဝယ်သူတစ်စုနှင့် ဇွန်လ ၁၆ ရက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်တွင် ဘိန်း ၈၁ ဒသမ ၆ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းများအရ သိရသည်။
ဖါမွန်း မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့က ဒေသအတွင်း ကင်းလှည့်လာစဉ် မယ်အေးခရိုင်၊ ပန်တုန်ဒူးကျေးရွာတွင် နယ်စပ်တစ်လျှောက် ကျောပိုးအိတ်များသယ်ဆောင်လာသော မသင်္ကာဖွယ်လူခြောက်ဦးကို ဇွန်လ ၁၆ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ကြရသည်။ တပ်ဖွဲ့ဝင်များက ရပ်တံ့စစ်ဆေးရန် ၎င်းတို့ကို မီးနှင့်အချက်ပြခဲ့သော်လည်း ပစ်ခတ်မှုများပြုလာသဖြင့် တပ်ဖွဲ့ဝင်များကလည်း ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။
အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားအပြီးတွင်မူ လက်နက်ကိုင်မူးယစ်ဆေးဝါးတရားမဝင်ခိုးသွင်းရောင်း ဝယ်သူများက နယ်စပ်ကိုဖြတ်လျက် မြန်မာနိုင်ငံအတွင်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။ ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာမရှိကြောင်း သတင်းများကဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားသည့်နေရာကို စစ်ဆေးရာတွင် မူးယစ်ဆေးဝါး တရားမဝင်ခိုးသွင်းရောင်းဝယ်သူများ ကျကျန်ခဲ့သော ကျောပိုးအိတ်လေးအိတ်အတွင်းမှ ဘိန်း ၈၁ ဒသမ ၆ ကီလိုဂရမ်ကို ထိုင်းမူးယစ်တပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိကြောင်းလည်း သိရသည်။
ထိုင်းနှင့် မြန်မာနှစ်နိုင်ငံနယ်စပ်ကိုဖြတ်လျက် မူးယစ်ဆေးဝါးတရားမဝင်ခိုးသွင်းရောင်းဝယ်သူများက အစုငယ်များဖွဲ့ကာ ထိုင်းနိုင်ငံဘက်သို့ ယခုရက်ပိုင်းအတွင်း မူးယစ်ဆေးများခိုးသွင်းရန် ကြိုးစားနေကြောင်း ထောက်လှမ်းရေးသတင်းများအရ ထိုင်းလုံခြုံရေးတပ်ဖွဲ့များကိုလည်း နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ၂၄ နာရီတပ်လှန့်ကင်းလှည့်နေကြောင်း သိရသည်။
Ref—-Bangkok Post