၁၇. ၆. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး ဝေဇယန္တာမှတ်တိုင်အနီးမှ အသက်(၅၀) ဝန်းကျင် အိမ်ခြေရာမဲ့ အမျိုးသားတစ်ဦး လဲကျသေဆုံးနေတယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့က သိရပါတယ်။
ဇွန်လ ၁၇ ရက် နံနက် ၇ နာရီခွဲခန့်မှာ ရုပ်အလောင်းကို တွေ့ရတာဖြစ်ပြီး သေဆုံးသူ အမျိုးသားဟာ သာကေတမြို့နယ် ၆/ အနောက်ရပ်ကွက်အတွင်း သွားလာပြီး ရပ်ကွက်က ပေးကမ်းတာနဲ့ စားသောက်နေထိုင်သူလို့ သိရပါတယ်။
“မနေ့က မိုးက နေ့ရော ညပါ ဆက်တိုက်ရွာနေတာ။ သေဆုံးတဲ့သူမှာလည်း မိုးရေတွေစိုနေတဲ့ ရေစိုအဝတ်တွေဝတ်ထားတော့ အအေးပတ်ပြီး ဆုံးတာမျိုးဖြစ်နိုင်ပါတယ်။ သူသေတာက ဘတ်စ် ကားမှတ်တိုင်ဆိုတော့ ပြည်သူက အကြောင်းကြားလာတာ။ သက်ဆိုင်ရာက ပြင်ပဒဏ်ရာ မရှိတာကို အတည်ပြုပြီး ဓမ္မာတာအတိုင်းသေဆုံးတာမို့ မြေပြင်လိုအပ်တာ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်”လို့ သာကေတမြို့နယ် လူမှုကူညီရေးအသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။
အဆိုပါရုပ်အလောင်းကို အောင်နိုင်သူလူမှုကူညီရေးအသင်းကားနဲ့ စံပြဆေးရုံဆီ ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။