၁၇. ၆.၂၀၂၃
Written by Hey Mar
ပျဥ်းမနားမြို့တောင်ဘက်၊ သံလမ်းဘုန်းကြီးကျောင်းအနီး ရထားသံလမ်းတွင် အသက်ကြီးပိုင်းအမျိုးသားတစ်ဦး ရထားကြိတ်ခံရသဖြင့် လက်နှစ်ဖက် လက်ချောင်းများပြတ်ထွက်ကျိုးကြေဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကို သွားရောက်ကူညီခဲ့သူ မိုးစေတနာပရဟိတအသင်း တာဝန်ရှိသူက MT News သို့ ပြောပြရာတွင် အဆိုပါ အမျိုးသားမှာ သူငယ်ပြန် သတိမေ့ ဝေဒနာ ခံစားရသည့် လူနာဖြစ်ကြောင်း မိမိတို့ ပရဟိတအသင်းမှ အဆိုပါလူနာအား ဆေးရုံတက်ကုသရာတွင် ပို့ဆောင်ကူညီပေးနေရကြောင်း၊ ယခုလို ဖြစ်ရပ်ဖြစ်ရခြင်းမှာလည်း အဆိုပါ လူနာ သတိလွတ် လမ်းလျှောက်သွားရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။
“လူနာက ဝူးဝူးဝါးဝါး ပြောနေတာကတော့ ရထားတိုက်တာဆိုပြီး ပြောနေတာ။ ကျွန်တော်တို့အမြင်ပြောရရင် သူက စိတ်နဲ့လည်း မကပ်တော့ ရထားလာတာ ဥသြဆွဲတာလည်း သူကြားပုံ မရဘူး ထင်တယ်။ ရထားသံလမ်းအပေါ်က တက်လျှောက်တာတော့ မဖြစ်နိုင်ဘူး။ အဲ့ဒီလိုဆို လူတစ်ကိုယ်လုံး အကြိတ်ခံရမှာ။ အခုက သူဘေးကလျှောက်နေတာကို နောက်ကဝင်တိုက်လို့ သံလမ်းပေါ် လက်ထောက်လဲကျတာမှာ အခုလိုဖြစ်တာ ဖြစ်နိုင်တယ်။ လက်နှစ်ဖက်စလုံးက လက်ချောင်း ၃ ချောင်းလောက်စီပြတ်ထွက်သွားတယ်။ လက်ဖမိုးလည်း အတော်ကြေသွားတယ် ´´ဟု မျက်မြင်အခြေအနေကို ပြောသည်။
အဆိုပါ လူနာအား မိုးစေတနာပရဟိတ အသင်းမှ မြေပြင်ပြုစုကုသမှုပေးခဲ့ပြီး နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံသို့ အခမဲ့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။